Saturday, September 27, 2014

အတိတ်က သမိုင်းဆိုတာ ၊ ပစ္စုပ္ပန် ရဲ့ လမ်းပြ သင်္ခန်းစာဖြစ်တယ်

(ဖေ့စ်ဘွတ်မှာ တွေ့လို့ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။ မူရင်းရေးသားသူ မည်သူမှန်း မသိရသေးပါ။ မူရင်း ရေးသားသူ ရှိပါက Blog တွင်ဖော်ပြထားသည့် မေးလ်လိပ်စာသို့ ဆက်သွယ် အသိပေးနိုင်ပါတယ်။ ကျွန်တော်တို့ Cradit ပေးပါမည်။ စာသားများ ကောင်းမွန်သောကြောင့် သုံးစွဲခြင်း ဖြစ်ပါသည်။ မူရင်း ရေးသားသူ မဖော်ပြနိုင်သေးသည့် အတွက် တောင်းပန် အပ်ပါသည် ခင်ဗျာ။)
 

မြင်ကွန်း နဲ့ မြင်းခုံတိုင် မင်းသား နှစ်ဦး အာဏာရူးခဲ့လို့ ကနောင်မင်းသားလို ခေါင်းဆောင်ကောင်း တစ်ယောက် ဆုံးရှုံးခဲ့ရတယ်။ ကနောင်သာရှိခဲ့မယ်ဆိုယင် ဒီနေ့ငါတို့မြန်မာပြည်ဟာ ဒီအခြေအနေ ဟုတ်ချင်မှ ဟုတ်မယ်။ ကနောင်ကို ရာဇပလ္လင်က ဖယ်လိုက်တာဟာ ဗမာတမျိုးသားလုံး ဆင်းရဲတွင်း နက်သွားစေခဲ့တာဘဲ။
ခေါင်းဆောင်ကောင်း ဆိုတာ (ပေပင် ၊ ၀ါးပင်) လိုဘဲ။ အနှစ်၅၀ရှိမှ တစ်ခါဘဲ သီးတာ။

ခေါင်းဆောင်ကောင်းတစ်ယောက် ရှိခဲ့မယ်ဆိုယင် ပမထုတ်ပါနဲ့။ လွင့်မသွားပါစေနဲ့။


သီပေါမင်းလို သူများကျိုးဆွဲရာကတဲ့ ရုပ်သေးရုပ်၊ အရည်အချင်းမရှိသူ၊ ကိုယ့်မိဖုရား စုဖုရားလတ်ကိုတောင် ကိုယ်မနိုင်တဲ့သူကို နန်းတင်လိုက်တော့ ကျုပ်တို့အားလုံး ကျွန်သဘောက်ဖြစ်ခဲ့ရတယ်။ သူတို့အကျယ်ချုပ်နဲ့ပြည်နှင်ဒဏ် ခံရတာက သုံးထပ်တိုက်ကြီးပေါ်မှာနေပြီး
ဗြိတိသျှအစိုးရကပေးတဲ့ ထောက်ပံ့ကြေးကို အမိန့်သားစားနေကြတာ၊ ကျုပ်တို့အဘိုး တွေက၊ ကုလားဖြူရှေ့မှာ ဒူးတုတ်ပြီး လက်အုပ်ချီခဲ့ရတယ်။ ကျုပ်တို့အဖွားတွေက ချစ်တီး ယားဖြစ်သွားကြတယ်။ ကျွန်းသစ်၊ရေနံ၊ ပတ္တမြားအားလုံးကိုယူသွားကြတယ်။ ဒါဟာ သင်္ခန်းစာဘဲ။

အရည်အချင်းမရှိတဲ့၊ သူများခိုင်းသမျှ ကြိုးဆွဲရာကမယ့် ရုပ်းသေးခေါင်းဆောင်လက်ထဲကို တိုင်းပြည်ရဲ့ အနာဂတ် ထိုးမအပ်ပါနဲ့။

ခေါင်းဆောင်ကောင်းဆိုတာ။ ပြည်သူနဲ့တသားထဲရှိရမယ်။ ပြည်သူ့ဘ၀ကို နားလည်ရမယ်။ စာနာရမယ်။ ပြည်သူနဲ့အတူ အဆင်းရဲ ခံနှိုင်ရမယ်။ အငတ်ခံနှိုင်ရမယ်။

ဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံတဲ့ (၁၀) နှစ်သားအရွယ်၊ ကနောင်မင်းသားရဲ့ငယ်ဘ၀ အားကြရအောင်ပြောပြချင်တယ်။ ကနောင်မင်းသားလေးက ညိမ်ညိမ်မနေတတ်ဘူး၊ နန်းတော်ဝင်းထဲလျှောက်သွာပြီး သိချင်တာတွေ မှတ်သားတတ်တဲ့ညဉ်ရှိတယ်။ သူ့ကိုထိမ်းတဲ့ လူပျိုတော်သားတွေက၊ သူ့နောက်ကို တကောက်ကောက် လိုက်ကြရတယ်။

တနေ့တော့နန်းမြို့အပြင်က စစ်သားတွေ ထမင်းစားနေတဲ့ စစ်တန်းလျားကိုရောက်သွားတော့ ထမင်းနီနီတွေကို ချင်ပေါင်ဖူးထောင်း တစ်မျိုးထဲနဲ့ စားနေတာကိုတွေ့သွားတယ်။
ဟင်းမပါဘူးလားလို့မေးတော့-- ဒါဟင်းဘဲလေလို့ ပြန်ဖြေကြတယ်။
. နေ့တိုင်းဒီလို ဘဲစားရသလား ဆိုတော့-- ဟုတ်တယ်လေလို့ဆိုကြလေတယ်။
မင်းသားကသူစားမဲ့ပွဲတော်အုပ်ကို ချက်ချင်းသွားယူဘို့၊ လူပျိုတော်သားတွေကို အမိန့်ပေးလိုက်တယ်။ ပြီးတော့မှ စစ်သားတွေကို ပွဲတော်စာ စားစေပြီး၊ သူက ချင်ပေါင်ဖူးထောင်းနဲ့ပွဲတော်တည်သတဲ့။
မင်းချင်းတွေက ကြောက်ပြီး မယ်တော်ကို သွားလျှောက်တော့၊ မယ်တော်ကြီး ချက်ချင်းရောက်လာတယ်။ သားတော်ကို ဆူမယ်ပေါ့လေ။ ဒါပေမယ့် သားတော်ရဲ့အဖြေကြောင့် မဆူဖြစ်လိုက်ပါဘူး၊ ၁၀ နှစ်သားအရွယ် ကနောင်မင်းသားလေးက ဘာပြောလိုက်တယ်မှတ်သလဲ?.. သားတော်ကြီးလာရင် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်တိုက်ရဦးမှာဆိုတော့.. ခုကတဲက အလေ့အကျင့် ရချင်ပါတယ်၊ ပြီးတော့၊သားတော်ချစ်တဲ့.. ဟောဒီရဲဘော်ကြီးတွေနဲ့ တသားတည်းဖြစ်ချင်ပါတယ်တဲ့၊
အဲဒါ.. ၁၀ နှစ် သားပြောတဲ့စကား။ အဲဒီနေ့ကစပြီး မင်းသားလေးက မကြာမကြာ သူ့ပွဲတော်အုပ်ကို ဆန်နီထမင်းချင်ပေါင်ဟင်းနဲ့ လဲပြီးစားတော်ခေါ်ပါသတဲ့ဗျား။

ဒါကြောင့်-သမတလုပ်လိုသူများ အတိတ်ဟောင်းကသမိုင်းကြောင်းကို သင်္ခန်းစာရယူပြီး ပစ္စုပ္ပန်မှာ ဆင်ချင်နိုင်ကြပါစေ။ ပြည်သူတွေရဲ့ဘ၀ကို စာနာနားလည်နှိုင်ကြပါစေ။