မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့တို့
အပစ်အခတ်များကြောင့် တပ်မတော်သားများ အကျအဆုံးရှိသလို ဒေသခံပြည်သူလူထုလည်း
ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်၊ လောက် ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့
လုံးဝအလျော့ပေးမှာမဟုတ်ဘူးလို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
““လောက်ကိုင်ဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်
ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင်ဦးဆောင်သည့်
ကိုးကန့်တိမ်းရှောင်အဖွဲ့သည်လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက်
အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အားဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုအားတိုက်ခိုက်လာခြင်းဖြစ်၍
တပ်မတော်အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊
လုံးဝလျော့၍မရကြောင်း”“ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။
ဖေဖော်ဝါရီလ ၉ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော
ဖုန်ကြားရှင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲများကတော့ ၃
ရက်အတွင်းကို တိုက်ပွဲပေါင်း၁၃ ကြိမ်ဖြစ်တယ်ဆိုတော့
အပြင်းအထန်အနေအထားဖြစ်ပါတယ်။ လောက်ကိုင်မြို့ မှာလည်း ပုဒ်မ
၁၄၄ထုတ်ပြန်ထားပါတယ်၊ လားရှိုးနှင့် မန်္တလေးမြို့များတွင်လောက်ကိုင်မှ
စစ်ဘေးရှောင်များ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက
ပြည်ထောင်စုနေ့မတိုင်မီလောက်ကိုင်မြို့ကို သိမ်းပိုက်ပြီး အစိုးရအကျပ်
အတည်းဖြစ်စေရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခဲ့တာတွေကို တပ်မတော်က
တားဆီးနိုင်ခဲ့တယ်ဆိုတဲ့သဘောထားတွေကိုလည်း အစိုးရသတင်းမီဒီယာတွေက
ကြေညာခဲ့ပါတယ်။
အခုဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတူ
တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက်္ခိုင့်တပ်မတော်(AA)၊
ရှမ်းပြည် တပ်မတော် (SSA) တို့ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း
ပျံ့နှံ့နေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေသည့်
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ““မိမိတို့ ရရှိထားသော အထောက်အထားများအရ
လောက်ကိုင်ဖြစ်စဉ်တွင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အချို့ပါဝင်နေမှုများရှိနေ၍ ယင်းအတွက်လည်း သက်ဆိုင်ရာ
အဖွဲ့များအနေဖြင့် တာဝန်ယူရမှာဖြစ်ကြောင်း””ပြောကြားထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားနေကြချိန်မှာ
နယ်စပ်ဒေသတွေမှာတော့ စစ်ဘေးရှောင်တွေပိုများလာနေသလို တိုင်းရင်းသား
လက်နက်ကိုင်ခေါင်းဆောင် တချို့နဲ့
သမ္မတဦးသိန်းစိန်အပါအ၀င်ခေါင်းဆောင်တွေကတော့ ၆၈
နှစ်မြောက်ပြည်ထောင်စုနေ့မှာဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်နေပြည်တော်မှာ
လက်မှတ်ထိုးကြပါတယ်။
၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးအတွက် ကတိပြုချက်
လက်မှတ်ထိုးတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှ
ဦးအောင်နိုင်ဦးကတော့““ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးတာကတော့သမ္မတက အရင်က
ဖက်ဒရယ်လုပ်မယ်လိုပြောတာတွေရှိတယ်၊ ပါးစပ်နဲ့ ပြောနေတာပေါ့။
အခုလက်မှတ်ထိုးတာကတော့ မြန်မာနိုင်ငံမှာအကြီးဆုံးပွဲတစ်ခုပါပဲ။သဘောတူညီချက်
လက်မှတ်မဟုတ်ပေမယ့် ကတိ
က၀တ်ပဲလေ။ ဘယ်အစိုးရတက်တက် ဒါကိုဆက်လက်လုပ်ဆောင်ရတော့မှာပါ””လို့
ပြောထားပါတယ်။လက်မှတ်ထိုးပွဲတွေ လုပ်နေသလို အပစ်အခတ်တွေလည်း လုပ်နေကြတာ
အားလုံးသိကြပါတယ်၊ဘာ့ကြောင့်လည်းဆိုရင်တော့
တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးနိုင်ကြလို့ပဲဖြစ်ပါတယ်၊
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးဖို့ဆိုတာလည်း တစ်ဦးနဲ့တစ်ဦး
ယုံကြည်မှုတွေ အပြည့်အ၀ရှိဖို့လိုပါတယ်၊တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တချို့ကတော့နယ်စပ်မှာဖြစ် ပွားနေတဲ့ တိုက်ပွဲတွေမှာ
အစိုးရတပ်မတော်က လေယာဉ်သုံးတာတွေနဲ့ပတ်သက်ပြီး ပြောဆိုနေတာတွေကတော့
ယုံကြည်မှုကို ပျက်ပြားတဲ့သဘောဆောင်နေပါတယ်။
အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက်ပြီး
ကချင်လွတ်မြောက်ရေးတပ်မတော်မှဦးဒေါင်ခါးက ““တိုက်ပွဲက
ကချင်ပြည်နယ်မှာလည်းအစိုးရဘက်က လက်နက်ကြီးတွေနဲ့ ၁၁၊ ၁၂ ရက်မှာလည်း
တောက်လျှောက်ပစ်နေတာပဲ၊ ကိုးကန့်မှာလည်း တိုက်နေကြတယ်။ ဒီအပစ်ရပ်ကိစ္စမှာ
ရှင်းရှင်းလေးပဲမြင်တယ်၊ အခုNCCT နဲ့ UPWC နဲ့ ညှိနှိုင်းဆွေးနွေးရေးကို
ပိုပြီး အားကောင်းအောင်လုပ်သွားဖို့ပဲ။စစ်ရေးကို ထိုးစစ်အသွင်ဆောင်သော
လှုပ်ရှားမှုကိုအားလုံးရပ်သွား ဖို့ဒါပဲ။ လေယာဉ်သုံးပြီးတိုက်တဲ့စစ်ဟာ
တစ်ဖက်ချင်းပဲတိုက်တိုက်၊ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်တိုက်၊ မရှိဘဲနဲ့ပဲ
တိုက်တိုက်၊ ဒါသည် တိုင်းရင်းသားအားလုံးရဲ့ ရင်ထဲမှာ ခံပြင်းမှုကို
ပိုပြီးဖြစ်စေတယ်။ဒါက လုံးဝတရားတဲ့ စစ်မဟုတ်ဘူး၊ နိုင်ငံရေးအရ
မတရားတဲ့ ကြားထဲမှာ မတရားတာတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတယ်””လို့ ဆိုပါတယ်။
တိုင်းရင်းသားတွေကတော့ စစ်မှန်တဲ့ နိုင်ငံရေးအရ
ဖြေရှင်းဖို့ကိုပဲ
တောင်းဆိုနေကြတာဖြစ်ပါတယ်၊တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ကြိုးစားနေကြတဲ့
အပစ်ရပ်လက်မှတ်မထိုးနိုင်ခင်ကာလအတွင်းမှာတော့ တိုက်ပွဲတွေ
ရပ်တန့်သွားဖို့မလွယ်တဲ့ အနေအထားဖြစ်နေပါတယ်။သမ္မတကြီးပါဝင်ပြီး
လက်မှတ်ထိုးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာလည်း
လက်တွေ့မှာတော့ အပစ်တွေ မရပ်နိုင်သေးပါဘူး၊အနာဂတ်အတွက်
ရည်မှန်းချက်တစ်ခုသာဖြစ်လို့လက်တလော နယ်စပ်ကတိုက်ပွဲတွေကိုတော့ နှစ်ဖက်က
အင်အားတိုးချဲ့ပြီး သူနိုင်ကိုယ်နိုင် တိုက်နေကြတာဖြစ်ပါတယ်။ မနိုင်လို့ဘဲ
ဖြစ်ဖြစ် နိုင်လို့ပဲ ဖြစ်ဖြစ်တိုက်ပွဲဖြစ်ပြီဆိုကတည်းက
ဒေသခံပြည်သူတွေနဲ့လက်နက်ကိုင်အောက်ခြေ
တပ်သားတွေမှာတော့အသက်အိုးအိမ်စည်းစိမ်တွေ စွန့်လွှတ်နေကြရတာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ၀န်းကျင်က ဒေသခံတွေကတော့
သေနတ်သံတွေရပ်ပေးဖို့၊ အေးအေးချမ်းချမ်းစားသောက်နေထိုင်နိုင်ဖို့ပဲ
သူတို့တောင်းဆိုကြမှာပါ။ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာ အေးအေး
ချမ်းချမ်းလေးနေထိုင် ပြီးရှင်သန်ချင် ကြမှာ ပါ။ ဒေသခံ ပြည်သူတွေမှာတော့
တိုက်ပွဲအောင်လို့လည်း နာမည်တွေဂုဏ်ထူးတွေရရှိမှာမဟုတ်ပါဘူး။ တိုက်ရင်း
အသက်စွန့်သွားကြတဲ့ ရဲဘော်တွေကတည်း တိုင်းတပါးစစ်မဟုတ်ဘဲ
ပြည်တွင်းစစ်မှာတိုက်နေကြရလို့ အသက်စွန့် ရကျိုးနပ် မယ်မထင်ပါဘူး။
အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက
တိုက်ခိုက်တာတွေကိုမလုပ်ကြဖို့ ပြည်သူ့မျက်နှာကြည့်ဖို့လိုနေပါပြီ။
ဝါသနာပါလို့ ပစ်နေတာမျိုးတော့ မဖြစ်သင့်တော့ပါဘူး။
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကတော့
သမ္မတအပါအ၀င်လက်နက်ထိုးတဲ့ ကိစ္စ၊အပစ်အခတ်ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး
ပြောကြားထားတာကတော့ ““နိုင်ငံတော် သမ္မတကြီး တစ်ယောက်လုံးထိုးတယ်။
လွှတ်တော်ဥက္ကဌလည်း ထိုးတယ်ဗျာ၊ နိုင်ငံ့ခေါင်းဆောင်တွေလည်း
ထိုးတယ်ဗျာ၊ဒီဘက်က တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ထိုးတယ်၊ အဲဒါမှ
မခိုင်မာဘူးဆိုရင်လည်း ဘယ်တက်နိုင်မလဲ။ ပစ်နေခတ်နေတယ်ဆိုတာက ၀ါသနာပါလို့
ပစ်နေတာပေါ့ဗျာ၊ ပစ်လို့ မ၀သေးလို့ ပစ်နေတာပေါ့””လို့ ပြောပါတယ်။
အထက်ပိုင်းခေါင်းဆောင်တွေက
ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ အောက်ခြေကို
ပါးစပ်နဲ့အမိန့်ပေးတိုက်ခိုက်ကျဆိုတာ နိုင်ငံရေးအရလည်းပါချင်ပါမှာပါ၊
စီးပွားရေးအရလည်း ပါနိုင်ပါတယ်၊ လူတစ်ဦးချင်းမုန်းတီးမှုကြောင့် လည်း
ဖြစ်နိုင်ပါတယ်၊အဓိကကတော့ တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးနိုင်သေးလို့ တိုက်ပွဲတွေဖြစ်နေကြတာပါ၊
တိုက်ပွဲဖြစ်တိုင်းမှာ နှစ်ဖက်အကျအဆုံးဆိုတာရှိနေမှာပါပဲ။အခုဖြစ်နေတဲ့
လောက်ကိုင်တိုက်ပွဲအတွင်း
၃ ရက်မြောက်နေ့မှာပဲ တပ်မတော်သား ၄၇ ဦးကျပြီး၇၃ ဦးဒဏ်ရာရတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
အခုဖြစ်နေတဲ့ တိုက်ပွဲကတော့ သမ္မတဦးသိန်းစိန်က
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့စာချုပ်ကို နေပြည်တော်မှာ
လက်မှတ်ထိုးတယ်၊ဦးသိန်းစိန် သမ္မတသက်တမ်းတစ်လျှောက်
ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများထဲက အခုတစ်ကြိမ်ဖြစ်တာကတော့ တပ်မတော်သား
အကျအဆုံးစာရင်းကတော့ အများဆုံးဖြစ်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်
အစိုးရအဖွဲ့ကပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး
တစ်နိုင်ငံလုံးအပစ်ရပ်ကို အရင်ဆုံးလုပ်ရမယ်လို့ ပြောထားပါတယ်၊အပစ်ရပ်ပြီးမှ
နိုင်ငံရေးဆွေးနွေးပွဲတွေသွားမယ်လို့ဆိုထားပါတယ်၊ အခုအပစ်ရပ်
လက်မှတ်မထိုးနိုင်သေးလို့ အပစ်အခတ်တွေ ရှိနေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အခုလတ်တလော လောက်ကိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည်
တပ်မတော်သားများကသောင်းကျန်းသူများဟု သုံးနှုန်းထားတာ တွေ့ရပါတယ်၊
ကိုးကန့်တိမ်းရှောင်အဖွဲ့ခေါင်းဆောင်ဖုန်ကြားရှင်အဖွဲ့ဟာ တိုက်ပွဲများတွင်
ဒုံးပစ်လောင်ချာနဲ့ လက်ပစ်ဗုံးအရေအတွက် များစွာသုံးနိုင်ပြီး
လေယာဉ်ပစ်စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင်ဖြန့်ခွဲ
အသုံးပြုနိုင်ပါတယ်၊ လှုပ်ရှားမှုနှင့် တိုက်ပွဲအနေအထားမှာ စနစ်တကျ
ပြင်ဆင်လေ့ကျင့်ထားသူများဖြစ်ကြောင်းကို အစိုးရမီဒီယာက ထုတ်ပြန်ကြေညာပါတယ်။
အစိုးရကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလုပ်ဆောင်နေတာတွေကို
ပြည်ထောင်စုနေ့မှာတော့စားပွဲဝိုင်းအနေအထားအရ လုပ်ဆောင်လိုက်ကြပါတယ်။
တကယ်ဖြစ်နေတာနဲ့ လက်တွေကွာခြားချက်ရှိတာတော့အမှန်ပါပဲ။တစ်နိုင်ငံ
လုံးအပစ်အခတ်ရပ်စဲရေးဆိုရင် သဘောတူညီချက်စာချုပ် (NCA) ကို
ပြည်ထောင်စုနေ့တွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိပေမယ့်
ငြိမ်းချမ်းရေးအတွက် ကတိပြုချက်လက်မှတ်ထိုးခဲ့ကြသော်လည်း
တိုင်းရင်းသားလက်နက်ကိုင်
အားလုံးတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။
နေပြည်တော်စားပွဲဝိုင်းက ငြိမ်းချမ်းရေးအတွက်ကတိပြုချက်လက်မှတ်ကို
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊
တပ်မတော်ကိုယ်စားပြု ဒုတိယ ဗိုလ်ချုပ်ကြီး သုံးဦး၊ နိုင်ငံရေးပါတီ ၅၅
ပါတီ၊ တိုင်းရင်း သားရေးရာဝန်ကြီးများနဲ့တိုင်းရင်းသားလက်နက်ကိုင်
လေးဖွဲ့တို့က ထိုးခဲ့ကြတာပါ။
ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်လာတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှာလက်မှတ်ထိုးတဲ့ လေးဖွဲ့ကတော့
ကရင်အမျိုးအသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နဲ့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSSA/SSA)
တို့ပဲဖြစ်ပါတယ်။ တက်ရောက်လာတဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်
များကတော့ ကြိုတင်ပြောဆိုထားခြင်းမရှိတဲ့အတွက်
သက်ဆိုင်ရာအဖွဲ့ခေါင်တွေ၊ဗဟိုကော်မတီဝင်တွေနဲ့ ညှိနှိုင်းပြီးမှသာ
လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့ငြိမ်းချမ်းရေးဖော်ဆောင်နေသူတွေကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့
၁၆ ဖွဲ့မှာ ၁၄ ဖွဲ့နဲ့အပစ်ရပ်စဲရေး ပြည်နယ်အဆင့်
ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားနိုင်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအထားနဲ့ လက် မှတ်ထိုးနိုင်ဖို့ကို NCCT နဲ့ UPWC
တို့က ဖော်ဆောင်နေကြတာဖြစ်ပါတယ်၊အပစ်ရပ်လက်မှတ်ထိုးထားခြင်းမရှိသေးတဲ့
ကေအိုင်အိုကတော့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများ
အဆုံးသတ်ကာတည်တံ့ခိုင်မြဲ ငြိမ်းချမ်းရေးတည်ဆောက်ရန် NCCT က
တွေ့ဆုံညှိနှိုင်းနေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ
ပူပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုနေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT
မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြတဲ့
ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်၊
ကရင်အမျိုးသားအစည်းအရုံး၊မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊
ကချင်လွတ်မြောက်ရေးအဖွဲ့။ တပ်မတော်၊စတဲ့ အဖွဲ့ ၁၆ ဖွဲ့နဲ့ ၂၀၁၃ ခုနှစ်
အောက်တိုဘာလအတွင်းက ကချင်ပြည်နယ်လိုင်ဇာမှာ ကျင်းပတဲ့
တိုင်းရင်းသားညီလာခံကနေပြီး အပစ်ရပ်ကိစ်္စတွေကိုဦးဆောင်ညှိနှိုင်းဆွေးနွေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
တစ်ဖွဲ့ချင်း၊ တစ်ဦးချင်း၊ ပြည်ထောင်စုအဆင့်၊ပြည်နယ်အဆင့်
အပစ်ရပ်တွေ လက်မှတ်ထိုးထားကြပေမယ့်လည်း အပစ်ရပ်ခြင်းမရှိသေးပါဘူး။
ဒါကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးဖို့ဆိုရင်NCCT အဖွဲ့ဟာ
အရေးကြီးပါတယ်။ ပြည်ထောင်စုနေ့က လက်မှတ်ထိုးခဲ့ကြတဲ့
အဖွဲ့လေးဖွဲ့ဟာလည်းNCCT အဖွဲ့ဝင်များဖြစ်ပေမယ့်
တစ်ဖွဲ့ချင်းသဘောထားဖြစ်သောကြောင့် လက်နက်ကိုင်တိုင်းရင်းသားအားလုံး
သဘောတူညီချက်မဟုတ်တာ သေချာပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် နယ်စပ်ဒေသမှာနေထိုင်ကြတဲ့
ပြည်သူများအတွက် အမြန်ဆုံး UPWCနဲ့ NCCT တို့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ပဲ
ဖြစ်ပါတယ်။တွေ့ဆုံမှုတွေကနေညှိနှိုင်း၊ နောက်ဆုံးတော့ အပစ်ရပ်လက်မှတ်ကို
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးနိုင်တဲ့နေ့ကြမှာသာ
သေနတ်သံတွေရပ်စဲသွားမှာဖြစ်ပါတယ်၊စကားဝိုင်းမှာပြောနေတာတွေ
တကယ်တမ်းထိရောက်မှုရှိတယ်ဆိုရင်တော့လည်း ဒီကနေ့အချိန်မှာ
စစ်ဘေးရှောင်တွေလည်း နေ
ရပ်မှာအေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်ကြမှာဖြစ်ပါတယ်။
နေပြည်တော်စားပွဲဝိုင်းက ပြည်ထောင်စုနေ့မှာထိုးတဲ့ လက်မှတ်ဟာ
တစ်နိုင်ငံလုံးအပစ်မရပ်နိုင်သေးဘူးဆိုတာလည်း အားလုံးသိကြပါတယ်။
ပြည်ထောင်စုနေ့ နေပြည်တော်မှာထိုးတဲ့လက်မှတ်နဲ့ ပတ်သက်ပြီး
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
ဒေါ်စောမြရာဇာလင်းက ““အခုလို လက်မှတ်ထိုးတဲ့ ကိစ္စက အပြုသဘောဆောင်တယ်။
ဒါပေမယ့် NCA (တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ်) ကိုထိုးတာမဟုတ်သေးဘူး။ NCA ကိုဆွေးနွေးရမယ့်
စကားတွေရှိသေးတယ်၊ ထိုးဖို့ ကျန်သေးတယ်၊မူဘောင်ဆိုတာ ကျယ်ပြန့်တယ်၊
ကျွန်မတို့ပြောတာကဒီမိုကရေစီကို အခြေခံတဲ့
ဖက်ဒရယ်ပြည်ထောင်စုအဲဒီပြည်ထောင်စုကို ကျွန်မတို့သွားမယ်၊ NCCTနဲ့ UPWC
တို့ကြားမှာ ပြန်ညှိဖို့လိုသေးတယ်။ အဲဒါက
အချိန်တော်တော်ကြာဦးမယ်””လို့ပြောပါတယ်။
တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ အချိန်ကြာလာတာနဲ့အမျှ
တိုက်ပွဲတွေကလည်း ဖြစ်နေကြဦးမယ်လို့ ပြောကြပါတယ်၊
အစိုးရတပ်မတော်ဟာကိုးကန့်တိမ်းရှောင်တစ်ဖွဲ့ထဲနဲ့ ဖြစ်နေတာမဟုတ်ဘဲTNLA/KIO
တို့နှင့်လည်း မကြာခဏတိုက်ပွဲတွေဖြစ်နေပါတယ်။
အစိုးရဘက်က သတင်းထုတ်ပြန်ချက်တွေအရတော့ နယ်မြေရှင်းလင်းရေးအတွက်
လုပ်ဆောင်ရင်းထိပ်တိုက်တွေ့ဆုံလို့ မလွှဲမရှောင်သာလို့
တိုက်ပွဲတွေဖြစ်နေရတယ်လို့ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း
တပ်မတော်က နယ်မြေစိုးမိုးရေးကိုအကြောင်းပြပြီး နယ်မြေတွေတိုးချဲ့တယ်လို့
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကလည်း ဆိုပါတယ်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှပြောရေးဆိုခွင့်ရှိသူ
ဦးစောသန်းမြင့်ကတော့ ““တိုက်ပွဲကတော့ အနည်းငယ်ရှိနေမှာပဲ။
ပြည်ထောင်စုငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေး
အပြီးအပိုင်မရသေးသရွေ့အောက်ခြေမှာ အထိအခိုက်ပွတ်တိုက်မှုတွေ
နည်းနည်းပါးပါးရှိနေဦးမှာပဲ””လို့ ပြောပါတယ်။
ထာဝရ ငြိမ်းချမ်းရေး မရှိသေးသမျှ ကာလပတ်လုံး အပစ်အခတ်ရှိနေသမျှ
သွေးစက်တွေကလည်းမြေကျနေဦးမှာဖြစ်ပါတယ်။ ဒေါ်စောမြရာဇာလင်းကတော့
““သွေးတစ်စက်ကျတဲ့ အနေအထားကိုကျွန်မတို့ မလိုချင်တော့ဘူး””လို့ ဆိုပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး၊ သေနတ်သံတွေရပ်စဲရေး၊စစ်ဘေးရှောင်တွေ
ပပျောက်ရေး၊ ကျဆုံးတပ်မတော်သားတွေမရှိဖို့အတွက်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်လက်မှတ်ထိုးဖို့ လိုနေပါပြီ၊ NCCT နဲ့  UPWC
တို့၂၀၁၄ခုနှစ် မှာ ပြောခဲ့ ကြတွေ့ဆုံကြ ဆွေးနွေးခဲ့ကြပါတယ်၊ ၂၀၁၄ အကုန်မှာ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးနိုင်မယ်လို့လည်း
ပြောခဲ့ကြပါတယ်၊အခုလည်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ
အပစ်ရပ်လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်
များ အမြန်ရေးဆွဲမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ ၅ ချက်ကိုတော့ သမ္မတကြီးဦးဆောင်ပြီး ပြည်ထောင်စုနေ့မှာတော့ လက်မှတ်ထိုးထားကြပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဟာ
၂၀၁၅ မှာ တကယ်ပဲ ဖြစ်လာတော့မလား၊
ဖြေရှင်းစရာပြဿသနာအများအပြားကိုအစိုးရအ့ဖွဲ့အနေနဲ့
ဘယ်လိုဖော်ဆောင်ကြမလည်းဆိုတာ ပြည်သူတွေ က စောင့်ကြည့်ရမယ့်
ကိန်းပါပဲ။အပစ်အရပ်တွေ မဖော်ဆောင်နိုင်ခင်၊ လက်မှတ်တွေမထိုးနိုင်ခင်
လက်နက်ကိုင် နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ ဆက်ပစ်နေကျဦးမှာလား၊
ဒေသခံပြည်သူတွေရဲ့ဘ၀ အောက်ခြေတပ်မတော်သားတွေရဲ့ လက်နက်ကိုင်အသေခံပြီး
ပစ်နေကြရတဲ့ဘ၀တွေကို ဘယ်လိုစဉ်းစားနေကျလဲဆိုတာ ပြည်သူလူထုက
သိချင်နေပါတယ်၊ဘယ်သူပဲသေသေ ပြည်သူတွေရင်ထဲတော့ စိတ်မကောင်းဖြစ်ကြရတာပါပဲ။
ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာနားထောင်လို့လည်းကောင်းပါတယ်။
တကယ့်လက်တွေ့မှာ ဖော်ဆောင်ရတာလည်း အခက်အခဲတွေ ရှိနေပါတယ်။
ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်ကိုငြိမ်းချမ်းရေး ရစေချင်တယ်ဆိုရင်တော့
ခေါင်းဆောင်တွေအနေနဲ့ စကားဝိုင်းအထက်က လက်မှတ်တွေကိုလက်တွေ့မှာ
အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်။ ပါးစပ်ကပြောနေတာတွေ
လက်တွေ့လုပ်ဆောင်မှသာလျှင် အပြောနဲ့အလုပ် ညီမှာဖြစ်ပါတယ်။အပြောနဲ့
အလုပ်မညီသမျှ ဒုက်္ခတွေခံစားရမှာကပြည်သူတွေသာဖြစ်ပါကြောင်း။
No comments:
Post a Comment