Wednesday, March 18, 2015

ကူညီပါရစေ

ဓာတ်ပုံ စိုးဇေယျာထွန်း/ရိုက်တာ
  ထက်အောင်ကျော်          
      
          ““ကျွန်ပညာရေး အလိုမရှိ””ဟုဆိုကာ စနစ်တကျယိုယွင်းပျက်စီးနေသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးရန်ကျောင်းသားများက သပိတ်စစ်ကြောင်း တစ်ရပ်ဆင်နွှဲကြသည်။ ကျောင်းသားများ၏တောင်းဆိုမှုကို အစိုးရဘက်မှ ပထမလိုက်လျောပေးရန် အရိပ်အယောင်ပြခဲ့ပြီး တွေ့ဆုံနွေးနွေးမှုများနှင့်ကြားဝင်ညှိနှိုင်းမှုများနှင့် အချိန်ကုန်စေခဲ့သည်။
         နောက်ဆုံးပညာရေးကို ပြုပြင်ပြောင်းလဲလိုသောပင်မသပိတ်စစ်ကြောင်းကို ရန်ကုန်မြို့သို့ အ၀င်မခံဘဲလက်ပံတန်းမြို့တွင် အစိုးရမှဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။
          သပိတ်စစ်ကြောင်း ထွက်ပေါက်မရ။ ချီတက်မည့် လမ်းကြောင်း ပတ်ဆို့ခံထားရသည့်နောက်ပိုင်းမတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီကျော်တွင် အဆိုပါကျောင်းသားစစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အခြေအနေတင်းမာလျက် အကြမ်းဖက်ဖြိုခွဲမှုကို ခံရသည့် အဆင့်တစ်ခုသို့ပင် ရောက်ရှိခဲ့ကြသည်။
     ကျောင်းသားထုကို ၎င်းကဲ့သို့ အင်အားသုံးဖြိုခွင်းခဲ့သည့်အပေါ် မြန်မာပြည်သူ တစ်ရပ်လုံးသည်ရင်ထုမနာဖြစ်လျှက် အကြမ်းဖက်မှုကို ကဲ့ရဲ့ရှုတ်ချအပြစ်တင်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ပြည်သူလူထုအချို့နှင့်မျိုးဆက်သစ်ကျောင်းသားများက
ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
        ကျောင်းသားအရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားအရေးကို ယင်းကဲ့သို့ ရက်ရက်စက်ကိုင်တွယ်ဖြေရှင်းခဲ့သည့်အပေါ် ““ကူညီပါရစေ””ဆိုသည့် ရဲတပ်ဖွဲ့ဝင်တို့ ၏ ဆောင်ပုဒ်ကို ပြည်သူများက လက်ညိုးထိုးပြစ်တင်ဝေဖန်လာကြပြီ ဖြစ်သည်။
       လက်ပံတန်းကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲရာတွင် ကျောင်းသားများအပါအ၀င်၊ ပြည်သူတချို့နှင့် လာရောက်သတင်းယူသော မီဒီယာသမားများပါ ဖမ်းဆီးရိုက်နှက်မှုကို ခံခဲ့ရသည်။
      ကျောင်းသားများက စတင်အကြမ်းဖက် ကျူးကျော်လာခြင်းကြောင့် ဥပဒေနှင့်အညီ ဖြိုခွဲခဲ့ခြင်း ဖြစ်ကြောင်းကို နိုင်ငံပိုင်ရုပ်သံနှင့်သတင်းမီဒီယာများမှတစ်ဆင့် အစိုးရက သတင်းထုတ်ပြန်ပြသခဲ့သော်လည်း ကျောင်းသားများအပေါ် ရဲတပ်ဖွဲ့ဝင်များကအငြိုးကြီးစွာလိုအပ်သည်ထက် ပိုမိုအင်အားသုံးကာရိုက်နှက်ဖမ်းဆီးခဲ့ကြသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းများက ကြေညာချက်ထုတ်လျက် ၀ိုင်းဝန်းပြစ်တင်ခဲ့ကြသည်။ လူမှုကွန်ရက်ပေါ်တွင်ရောက်ရှိလာသည့် ပုံများကလည်း အကြမ်းဖက်မှုကို သက်သေခံနေသည့်အတွက် ငြင်းဆန်မရနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်နေသည်။
       လက်ပံတောင်းတောင်း တစ်ကျော့ပြန် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့မှပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူတောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ခုနှစ် နှစ်စပိုင်းက NGOများကို မြို့နေလူထုမှ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကိုသေနတ်ဖြင့် ပစ်ဖောက်လူစုခွဲရာမှ ဆယ်နှစ်အရွယ်ခန့်ရှိအမျိုးသမီး ကလေးငယ်အပေါ် ကျည်ဆန်ထိမှန်သဖြင့်သေဆုံးမှု ဖြစ်ပွားခဲ့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုတစ်ကြိမ်အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့အတွက် အမည်းစက်တစ်စက်ထပ်တိုးလာခြင်း ဖြစ်သည်။
စည်းလွတ်ဝါးလွတ် ရဲတပ်ဖွဲ့လား
        လက်ပံတန်းမြို့ အကြမ်းဖက်မှုကို ဖြိုခွဲသည့်ရဲတပ်ဖွဲ့၏ လုပ်ရပ်များမှာ စနစ်တကျ ဖြိုခွဲခြင်း မဟုတ်ဘဲ စည်းလွတ်ဝါးလွတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းကို အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည့် ကျောင်းသားများ၊လူနာတင်ရန် အဆင်သင့်လုပ်ထားသည့် မော်တော်ကားကို ထုရိုက်၊ ကန်ကျောက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်ကျောင်းသားသပိတ် သတင်းပြန်ကြားရေး မော်တော်ကားကို ဒေါသတကြီးဖျက်ဆီးခဲ့ခြင်းက သက်သေပြလျှက်ရှိသည်။
      
““ပထမက သပိတ်စခန်းကို ဖြိုဖို့ဆိုပြီး ရဲတပ်ဖွဲ့ကအင်အားအလုံးအရင်းနဲ့ တက်လာတယ်။ ဟိုဘက်သည်ဘက် တွန်းတွန်းထိုးထိုးတွေ ဖြစ်လာတော့ဒေါသထွက်သွားပုံ ရပါတယ်။ အဲ့ဒါနဲ့ ကားတွေကိုဖျက်ဆီးတာ။ သတင်းပြန်ကြားရေး ကားကတော့တော်တော်ထိသွားတာပေါ့”” ဟု သပိတ်စခန်း ဖြိုခွဲစဉ်ရှိနေခဲ့သူ သတင်းထောက် တစ်ဦးက ပြောကြားသည်။
       လူမှုကွန်ရက် စာမျက်နှာများတွင် ဒေါသတကြီးရိုက်နှက်နေသော ရဲတပ်ဖွဲ့ဝင်များကို အခြား ရဲတပ်ဖွဲ့ဝင်အချို့မှ ဟန့်တားနေသည့် ဓာတ်ပုံများလည်း ဖော်ပြလာသည့်အတွက် အဓိကရုဏ်းဖြိုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်မဟုတ်သူများကိုပင် အသုံးပြုခဲ့ပါ၏လောဟုပြည်သူများအကြား အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ရသည်။
      ““အရင်ဆုံး မေးစရာရှိတယ်။ လက်ပံတန်း ဖြစ်စဉ်မှာ အမှန်တကယ် ရိုက်နှက်သွားသူဟာ ရဲတပ်ဖွဲ့ကလို့ဝန်ခံပြီလား။ တကယ်ရိုက်တာက ရဲတပ်ဖွဲ့ကဆိုရင်တော့ တော်တော့်ကို အသုံးမကျဘူးလို့ ပြောချင်တယ်”” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို အခြေပြုကာ မေးခွန်းထုတ်သည်။
         ရဲတပ်ဖွဲ့များ ယခုကဲ့သို့ အကြမ်းဖက်မှုများလုပ်လာကြခြင်းမှာ ယခင်က ဒေါသများကို အငြိုးအတေးထားရာမှ ပေါက်ကွဲသွားခြင်းမျိုးသာ ဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။
        ““ဒါ ရဲတပ်ဖွဲ့တစ်ခုလုံးနဲ့မဆိုင်ဘူး။ အသုံးမကျတဲ့ရဲတွေ အများကြီးပဲ။ ကား(ကျောင်းသားသပိတ်ကား)တွေက မထီလေးစား လုပ်တာကြာပြီ။ ကားတွေဆီကနေ ဖြိုခွဲပါပြောရင် ကျောင်းသား သီချင်းဖွင့်တယ်။မီဒီယာတွေကိုလည်း မှတ်ထားတယ်။ လတ်တလောအကြောင်းအရင်းနဲ့ မူလအကြောင်းတွေက ရှိတယ်။အခွင့်အရေးရရင် တွယ်မယ်ဆိုပြီး တေးထားတာ။လူသားတစ်ယောက်လို လုပ်လိုက်တာမျိုးပါ””ဟုရဲတပ်ဖွဲ့များ အကြမ်းဖက် ဖြိုခွဲခြင်းနှင့် ပတ်သက်၍
၎င်းက ပြောဆိုသည်။
         လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့မှအကြမ်းဖက်ဖြိုခွဲမှုမှာ အငြိုးနှင့် ရိုက်နှက်ခြင်း ဖြစ်သည့် အတွက်ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စိတ်ထားများအပေါ်တွင် မူတည်ကြောင်း အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
   ““ဒါဟာ ကျောင်းသားတွေကို စော်ကားတာလို့ပဲကျွန်မ ပြောချင်ပါတယ်။ မြင်တွေ့ခဲ့ရတာက ကျောင်းသား တစ်ယောက်ကို ရဲမြောက်မြားစွာက အငြိုးတကြီးရိုက်နှက်တဲ့ ပုံစံမျိုးပေါ့။ ပြီးတော့ ကျောင်းသားတွေပြန် ပြောပြ ချက်အရဆိုရင် ကျောင်းသားတွေဆိုတဲ့သံချပ်ပုံစံမျိုးဆိုတာကို ဖျက်ပြီး ဒို့ရဲသားတွေ ညီရဲ့လားဟေ့ဆိုပြီး ရိုက်နှက်တဲ့ ပုံစံမျိုးကိုတော့ ကျွန်မတို့ရဲတပ်ဖွဲ့ကို ဘယ်နိုင်ငံမှသင်တန်းမပေးထားဘူးလို့ထင်တယ်လေ””ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မီးမီးက ပြောကြားသည်။
စိတ်ကို မချုပ်တည်းနိုင်ခဲ့လို့
          လက်ပံတန်း ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့များ စည်းလွတ်ဝါးလွတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည့်အပေါ် ရဲတပ်ဖွဲ့ဝင်များတွင် ဖြစ်ပေါ်လာသည့် ဒေါသစိတ်ကိုချုပ် တည်းမှု နည်းပါးခြင်းကြောင့် မလိုလားအပ်သည်ပြဿနာများ ဖြစ်ပေါ်ခဲ့ရပါသည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုလာပြန်သည်။
     ““ရဲတပ်ဖွဲ့အနေနဲ့ စိတ်ကို ချုပ်တည်းဖို့၊ ချုပ်တည်းတတ်တဲ့ အလေ့အကျင့်တွေ ဖြစ်လာဖို့ လိုတယ်။အဲ့ဒါ သူတို့ရှေ့တန်းကွပ်ကဲရေးမှာ တာဝန်ရှိတဲ့ရဲတပ်ဖွဲ့ရဲမှူးမှာ တာဝန်ရှိတယ်။ ရှေ့တန်းမှာ ရိုက်ကြကွာဆိုပြီးရိုက်ခိုင်းတဲ့ ရှေ့တန်းရဲမှူးမှာ တာဝန်ရှိသလို ဖြစ်ရပ်စတင်အောင် ကျောင်းသားဘက်က ရေသန့်ဘူးနဲ့ စပေါက်တဲ့ ကောင်ကို အရေးယူရမယ်။ ရှေ့တန်းကွပ်ကဲရေး ရဲမှူးမှာလည်းတာဝန်ရှိတယ်။ ပြဿနာကို အရှည်ကြီးစဉ်းစားဖို့ မလိုဘူး။ သလဲသီးလို အကန့်လိုက်ဆုံးဖြတ်ရ မှာ ဖြစ်တယ်””ဟု ဦးလှဆွေက လက်ပံတန်းဖြစ်စဉ်အပေါ် ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
      ရဲတပ်ဖွဲ့တွင် အမိန့်ကို ညွှန်ကြားသည့်အတိုင်းရဲ တပ်ဖွဲ့ဝင်များ အတိအကျ လိုက်နာရန် အတွက်လည်း တပ်ဖွဲ့ဝင်များတွင် လိုအပ်မှုများ ရှိနေသည်ဟု၎င်းက ထပ်မံပြောဆိုသည်။
       ““ထိုင်ဆိုထိုင်၊ ထဆိုထ၊ သြဇာညောင်းတဲ့ ခေါင်းဆောင်ရှိရမယ်။ ထိုင်ဆိုထိုင်၊ ထဆိုထ၊ သက်သာဆိုသက်သာ၊ အေးဆေးဆို အေးစေ၊ ရိုက်ဆိုရိုက် အဲ့လိုရှိရမယ်။ ရိုက်လို့ မပြောဘဲ မရိုက်ရဘူး။ အများကြီးလေ့ကျင့်ရတယ်။ြူငညိ ကြီး ဝေဖန်လို့ မရဘူး။ အဲ့ဒီနေရာမှာ ခင်ဗျားသာ ရဲမှူးဆိုရင်လည်း အဲ့လို ဖြစ်မှာပဲ”” ဟု ဦးလှဆွေက ဆိုသည်။
        အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြောသည့် စကားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ရဲအရာရှိ တစ်ဦးကလည်း ထောက်ခံသည်။
        ““ကျောင်းသားတွေဟာ ကျွန်တော်တို့ ရန်သူလည်း မဟုတ်ပါဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။အထက်အမိန့်က လာတဲ့အချိန် နေပူပူမှာ ဒေါသနဲ့ဖြစ်သွားတာမျိုး ဖြစ်မှာပါ””ဟု အထက်ပါ ရဲအရာရှိကလည်း သုံးသပ်သည်။
       ကျောင်းသားများကို ရဲတပ်ဖွဲ့မှ သပိတ်စခန်း ဖြိုခွဲကာ ရဲကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်းကျောင်းသူများကို ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် ဆဲဆိုခြင်းများ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှဖမ်းဆီးခံရ ပြီးနောက် ပြန်လည်လွတ်မြောက်လာသူမရည်မွန်၏ မိခင်က သမီးဖြစ်သူ၏ ပြောပြချက်ကိုထပ်ဆင့်ရှင်းပြသည်။
ရဲကောင်း၊ ရဲဆိုး
      လက်ပံတန်း ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သော်လည်း အရိုက်နှက်ခံရသည့်ကျောင်းသားများကို ကူညီပေးသည့် ရဲတပ်ဖွဲ့ဝင်များပေါ်ပေါက်ခဲ့ပြီး အချို့ရဲတပ်ဖွဲ့ဝင်များဆိုလျှင် မိမိတို့ဆောင်းထားသည့် ဦးထုပ်များကိုပင်ချွတ်ကာ ကျောင်းသားများကို ဆောင်းစေခြင်း၊ ဒိုင်းများဖြင့် ကာကွယ်ပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း လက်ပံတန်းပဋိပက္ခကို မျက်မြင်တွေ့ကြုံခဲ့ရသူများက ပြောဆိုသည်။
      ရိုက်နှက်မှု ဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်အချို့မှကူညီကာကွယ်ပေးခဲ့သည့်အတွက် ရိုက်နှက်ခံရခြင်းမရှိဘဲ လွတ်မြောက်လာသူ မီဒီယာသမားများနှင့်ကျောင်းသားအချို့လည်း ရှိခဲ့သည်။
     ““လက်ပံတန်း ဖြစ်ရပ်ကို ဗီဒီယိုတွေ ကြည့်ရတဲ့အခါ ရဲတချို့ဟာ ကျောင်းသားတွေကို အကာအကွယ်ပေးနေတယ်။ ရဲတချို့က သံဃာတော်ကို ရိုက်နှက်တဲ့အချိန် ရဲတချို့က လက်အုပ်ချီပြီး ကယ်ထုတ်လာတာမျိုး။ တချို့က ကားကို ဖျက်ဆီးတယ်။ တချို့က ကားတံခါးကို ဖြေးဖြေးလေး ပိတ်ပေးနေတယ်။ ရဲချင်းမှာတောင်မှနော် စိတ်ဓာတ်ချင်းမတူတာကို ကျွန်မတို့တွေ့ရတယ်။ ကျွန်မ ပြောချင်တာ လူတွေရဲ့ စိတ်ဓာတ်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့
နိုင်ငံသူ နိုင်ငံသားတွေ အားလုံးဝန်ထမ်းပါမကျန် တစ်ယောက်နဲ့တစ်ယောက် စာနာထောက်ထားမှု မေတ်္တာထားနိုင်မယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး””ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မီးမီးက ဖွင့်ဟသည်။
      ရဲတပ်ဖွဲ့မှ ပဋိပက်္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် လုပ်နည်းလုပ်ဟန် မှားယွင်းစွာဖြေရှင်းမှုများမြန်မာနိုင်ငံတွင် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေကာ အကြမ်းဖက်မှု ဖြစ်ပွားစဉ်က ကိုင်တွယ်ခဲ့သည့်ဌာနဆိုင်ရာများတွင် တာဝန်ရှိသည်ဟု သူက ထပ်မံပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်
      ရဲတပ်ဖွဲ့၏ နိုင်ငံသားများအား ၀န်ဆောင်မှုပေးနေသည့်အပေါ် လွန်ခဲ့သော ၁၀ စုနှစ်အတော်ကြာကပင်ပြည်သူများထံမှ ဝေဖန် သံများ ဆူဆူညံညံ ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး ကူညီပါရစေဆိုသည် စကားရပ်မှာပြည်သူများအတွက် မေးခွန်း ထုတ်စရာသဖွယ် ဖြစ်နေခဲ့သည်။
       ““လက်ရှိရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေကို ဘယ်လိုမြင်ပါသလဲဆိုတော့ ကျွန်တော်တို့ ကူညီပါရစေဆိုလို့ ၁၉၉ ကို ဖုန်းဆက်ကြည့်တာလေ။ တစ်ခါမှ ဖုန်းကိုင်တာတော့ မတွေ့ရဘူး။ ဖုန်းမ၀င်တာ မဟုတ်ဘူးဗျ။ ဖုန်းကိုင်ကို မကိုင်တာ။ အဲတော့ ဘယ်လိုကူညီလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ရဲတပ်ဖွဲ့ဝင်တွေကို လက်ရှိအနေအထားမှာတော့ဒီထက်တိုးပြီးတော့ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်””ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း
အောင်က ပြောကြားသည်။
   ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် တိုးမြှင့်စေရန်၂၀၁၄ ခုနှစ် နှစ်စပိုင်းကပင် EU မှ သင်တန်းများ ပို့ချခဲ့ခြင်းများ ရှိခဲ့သော်လည်း လိုအပ်မှုများ ရှိနေသည်ဟုဦးရောဘတ်စန်းအောင်က ထောက်ပြပြောဆိုသည်။
    ““ EU က သင်တန်းပို့ချက်တာ လိုအပ်တယ်လို့ပဲထင်ပါတယ်။ EU ကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးမြင့်မားအောင် သင်တန်းပေးတဲ့အခါမှာ တိုက်ရိုက်သွားပြီး ပတ်သက်တာကိုး။ တိုက်ရိုက်သွားပြီးဆက်ဆံတာကိုး။ ရဲတွေရဲ့ အကြောင်းကို သိချင်ရင်၊ဘာတွေလိုအပ်ချက်တွေ သူတို့ဆီမှာ ရှိနေသလဲဆိုတာကို သိချင်ရင်။ ပြုပြင်ပေးချင်တယ်ဆိုရင် ပြင်ပက ရှေ့နေ၊ ရှေ့ရပ်တွေကိုမေး။ ပြည်သူကိုမေး။ ရဲတွေဘာတွေလုပ်တတ်သလဲ မေး။ မေးပြီးမှ အဲဒီဟာတွေကို
မလုပ်ဖို့ သင်ရမယ့်အစား သူတို့က ဒီပြည်သူတွေဆီက သတင်းအချက်အလက် မစုဆောင်းဘဲ တိုက်ရိုက်သွားပြီး တိုက်ရိုက်ကြီး သင်တန်းပို့ချလိုက်တဲ့ အခါကျတော့ သူတို့သင်တဲ့ စံချိန်စံညွန်း မကိုက်ညီဘဲ ဖြစ်သွားတာ။ ကျွန်တော့်ကို လာမေးရင် ကျွန်တော် ပြောပြမှာပေါ့””ဟု ဦးရောဘတ်ဆန်းအောင်က ဆိုသည်။
      ဦးရောဘတ်စန်းအောင်နည်းတူ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးဖြိုးမင်းသိန်းကလည်း ရဲတပ်ဖွဲ့ဝင်များကို ပဋိပက္ခထိန်းသိမ်းရေးအတွက် သင်တန်းပေးရန်လိုအပ်နေဆဲဖြစ်သည်ဟု ယူဆသူ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်သည့် ပဋိပက္ခ ဖြေရှင်းနည်းသည်အကြမ်းဖက် တားဆီးသည့်ပုံစံဖြစ်နေသည်ဟု ၎င်းင်းကဆိုသည်။
      ““ရဲတပ်ဖွဲ့က ဆောင်ရွက်တဲ့ ပုံစံတွေကလည်းအကြမ်းဖက်တဲ့ ပုံစံ ဖြစ်နေတယ်။ ဒီအဓိကရုဏ်းတစ်ခုပဋိပက္ခတစ်ခုကို ဖြေရှင်းတဲ့ ပုံစံမဟုတ်ဘူး။ ဒါဆိုရင်အီးယူက သင်ကြားပေးနေတဲ့ ဒီလိုမျိုး ပုံစံတွေကို ပဋိပက္ခ ဖြေရှင်းဖို့ သင်ကြားနည်းတွေဟာ စာရွက်ပေါ်မှာပဲရှိပြီး တကယ်လက်တွေ့ ဆောင်ရွက်တာက အကြမ်းဖက်တဲ့ ပုံစံဖြစ်နေတယ်။ အဲ့တော့ လူတွေက ဘယ်လိုယူဆလည်းဆိုတော့ ပါဝင်တဲ့ သူတွေဟာ ရဲအစစ်တွေမှ ဟုတ်ရဲ့လားဆိုပြီး ယူဆချက်တွေပါ ကြားနေရတယ်။ ရဲတပ်ဖွဲ့တွေကတော့ ရဲတွေပါလို့ ပြောတယ်။ဒါဆိုရင် ဒီရဲတွေဟာ စာမေးပွဲမအောင်တဲ့ ရဲတွေဖြစ်ရမယ်လို့ ကျွန်တော်တော့ ထင်တယ်””ဟု ဦးဖြိုးမင်းသိန်းက သုံးသပ်ပြောကြားသည်။
အမိန့်နှင့်တာဝန်
      ရဲတပ်ဖွဲ့ဝင် ဖြစ်လာလျှင် အရေးကြီးဆုံး လိုက်နာရမည့် အချက်မှာ အမိန့်ပေးလာသည့်အတိုင်း တာဝန်ကျေပွန်ရန်အတွက် တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များဘက်မှ စောဒက တက်စရာရှိသည်။
       ရဲတပ်ဖွဲ့ဝင်များ၏ အမိန့်၊ တာဝန် ၀တ္တရားများနှင့် ပတ်သက်၍ ““ကျွန်တော်တို့က အထက်က ပေးလာတဲ့အမိန့်နဲ့ တာဝန်ကို ထမ်းဆောင်ရင် ဥပဒေနဲ့အညီ လုပ်ရတာ။ လူစုလူဝေးထိန်းမယ်ဆိုရင် အသံချဲ့စက်နဲ့ ပြောမယ်။ အဲ့ဒီထက်တစ်ဆင့် မြင့်လာရင်ကျွန်တော်တို့က အထက်ကပေးတဲ့ အမိန့်အတိုင်းတာဝန်ထမ်းဆောင်ရတာပါ””ဟု အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက ဆိုသည်။
     ရဲတပ်ဖွဲ့၏ တာဝန်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကာ အမိန့်အတိုင်းပြည်သူကာကွယ်ရင်းဖြင့် တစ်စုံတစ်ရာ ရဲတပ်ဖွဲ့ဝင်များကို ထိခိုက်နာကျင်စေရန် ပြုလုပ်မှုများ ရှိလာလျှင်မူမိမိကိုယ်ကို ကာကွယ်ခွင့် ရှိသည်ဟု ၎င်းက ဆိုသည်။
     ရဲတပ်ဖွဲ့ဝင်များကို တစ်စုံတစ်ရာတိုက်ခိုက်ရန်လုပ်ဆောင်မှုများ ရှိလာပါက ရဲတပ်ဖွဲ့ဝင်များအတွက်ကာကွယ်ရန်လက်နက်မှာ များသောအားဖြင့်ဒိုင်းသာဖြစ်သည်ဟု ၄င်းက ထပ်မံပြောဆိုသည်။
     ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများမှ အပြည့်အ၀ကျေနပ်မှုမရှိဟု ပြောဆိုကြခြင်းနှင့် ပတ်သက်၍မူ ““ကျွန်တော်တို့က ပြေလည်စေချင်ပါတယ်။ လူတိုင်းလိုချင်တဲ့ရည်မှန်းချက်ကို လိုက်ဖြည့်ပေးဖို့ဆိုတာက မလွယ်ဘူးလေ။ တရားလိုနဲ့ တရားခံမှာ တရားခံဖြစ်တဲ့ တိုင်ကြားခံရသူကတော့ ရဲတပ်ဖွဲ့ကို ဘယ်ကျေနပ်ပါ့မလဲ။ဘယ်အမြင်ကြည်နိုင်ပါတော့မလဲ””ဟု ၎င်းင်းရဲအရာရှိကသက်ပြင်းချရင်း တစ်လုံးချင်း ပြောတယ်
စံချိန်မီ ရဲတပ်ဖွဲ့
          ရဲတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ ယုံကြည်မှုကင်းမဲ့နေခြင်း ဆုံးခန်းတိုင်စေရန်နှင့် ပြည်သူများအမြင်တွင် ယုံကြည်ရသော ရဲတပ်ဖွဲ့ ပြန်လည်ဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရအပေါ်တွင် တာဝန်ရှိသည်ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
       ““အရည်အချင်းပြည့်မီအောင် ဆောင်ရွက်ဖို့ လက်ရှိ အစိုးရအပေါ်မှာ တာဝန်ရှိတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်သွားဖို့ ဆောင်ရွက်တဲ့ နေရာမှာ ဒီလက်ရှိ အစိုးရဘက်မှာ တာဝန်ရှိတယ်။ လွှတ်တော်မှာလည်း ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက်တရားရုံးတွေ၊ ရဲစခန်းတွေ၊ အကျဉ်းထောင်တွေဟာတကယ့်ကို အဂတိလိုက်စားမှုကင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ အလွန်အင်မတန်ကို အား
နည်းနေတယ်ဆိုတာကို လက်ရှိရဲစခန်းတွေ အကျဉ်းထောင်တွေမှာ တွေ့နေရတယ်””ဟု လက်ရှိ လိုအပ်ချက်များကို ထောက်ပြသည်။
      လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှု ဖြစ်စဉ်၊လက်ပံတောင်း ဖြစ်စဉ်ကဲ့သို့ ကိစ္စများတွင် ရဲတပ်ဖွဲ့ဝင်အချို့ အမှားအယွင်းများ ပြုလုပ်ခဲ့ကြခြင်းမှာ၎င်းတို့၏ စိတ်ခံစားချက်၊ ၎င်းတို့၏ မပြေလည်မှုများလည်း ရာခိုင်နှုန်း အတော်များများ ပါဝင်မည်ဟုထောက်ပြမှုများ ရှိနေသည်။
      ရဲတပ်ဖွဲ့ဝင်များတွင် တပ်မတော်ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းချင်းတူပါလျှက် အသုံးအဆောင်ပစ္စည်းမပြည့်စုံခြင်း၊ ကျန်းမာရေး ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာပါက ကုသရန် သီးခြားရဲဆေးရုံမရှိခြင်း၊ လစာနည်းပါးစွာဖြင့် တာဝန်ထမ်းဆောင်ရခြင်းတို့ကလည်း လူသားပင်ဖြစ်သော ရဲတို့ကို စိတ်ညည်းညူစေနိုင်သည့် ကိစ်္စများဖြစ်ကြောင်းပြည်သူလူထုအချို့က သုံးသပ်ကြ သည်။
    ထို့ကြောင့် အချို့ဒေသများတွင် ရဲတပ်ဖွဲ့ဝင်များမိမိကိုယ့်ကို သတ်သေသည့် ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့ကြောင်းကို နေ့စဉ်ထုတ် သတင်းစာများတွင် ရံဖန်ရံခါတွေ့နေရသည်။
      အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ““ရဲတွေ အခုလိုမျိုးကသမ်းကရမ်း ဖြစ်တာဟာ သူတို့ကိုယ်တိုင်ကလည်းစိတ်ဓာတ်ကျနေတယ်။ ဘာဖြစ်လို့စိတ်ဓာတ်ကျလဲဆိုတော့ သူတို့ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့ မကာနိုင်ဘူး။ နောက်တစ်ခါ သူတို့ကို ထုတ်ပေးထားတဲ့ အသုံးအဆောင်ပစ်္စည်းကလည်း မပြည့်စုံဘူး။ရဲတပ်ဖွဲ့ဝင်တွေ နာမကျန်းဖြစ်လို့ရှိရင် သီးခြားရဲဆေးရုံဆိုတာတွေလည်း မရှိဘူး။ သူတို့ကိုယ်တိုင်ကစိတ်ဓာတ်ခွန်းအားတွေ ချို့တဲ့နေတယ်။ အဘက်ဘက်က စိတ်ဓာတ်ခွန်အားတွေ ချို့တဲ့နေတဲ့အခါကျတော့အခုလို အမှားအယွင်းတွေ ဖြစ်ကုန်တာပေါ့။ အဲတော့လစာကိုလည်း လက်နက်ကိုင်အချင်းချင်းတူတူ တပ်မတော်နဲ့ တစ်ပြေးညီချိန်ပေးနိုင်ရင် ပိုကောင်းတယ်””ဟု
ဆိုသည်။
      လက်ရှိတွင် ရဲတပ်ဖွဲ့ကို အာဏာပိုင်တို့၏ ခိုင်းဖက်၊ခါးပိုက်ဆောင်တပ်ဖွဲ့တစ်ခုအဖြစ် မြင်နေသည့်ပုံရိပ်မှာ ပြည်သူများတွင် ရှိနေသည်။ အားကိုးစရာအဖြစ် ပြည်သူတို့၏ အာရုံတွင် မှတ်ယူ၍ မရသေးပေ။ပုံရိပ်ကျဆင်းနေသည့် ရဲတပ်ဖွဲ့ကို ပြည်သူ ယုံကြည်မှုရရှိသော တင်းပြည့်ကျပ်ပြည့် စွမ်းဆောင်ရည် မြင့်မားသည့် ရဲတပ်ဖွဲ့ဖြစ်ရန် ပြည်သူအများလိုလားနေကြသည်။
    ရဲတပ်ဖွဲ့၏ ပုံရိပ်ပြန်လည်မြှင့်တင်ရန် လိုအပ်နေခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး တက်ကြွလှုပ်ရှားသူဦးဝင်းချိုက ““ရဲတပ်ဖွဲ့က အုပ်ချုပ်သူကို ကိုယ်စားပြုတာလား။ ဥပဒေတစ်ခုတည်းကို လေးစားတာလားဆိုတာ မေးစရာရှိတယ်။ ဥပဒေတစ်ခုတည်းကိုပဲ လေးစားပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုရင်တော့ ရဲတပ်ဖွဲ့ပုံရိပ် ပြန်ကောင်းလာနိုင်တယ်””ဟုသုံးသပ်ပြောဆိုသည်။

No comments:

Post a Comment