Wednesday, October 29, 2014

သားနှစ်ဦးထံမှ ဖြောင့်ချက်

မျှော်လင့်ထားသည့်အတိုင်း သားများက သူတို့လူမသတ်ခဲ့ဘဲ မတရားဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်ပါသည်ဟူသည့် အဖြေများကြောင့် အားတက်ပျော်ရွှင်နေသည်ကို သူတို့၏ အငိုမျက်နှာများကြားမှအပြုံးများက  သက်သေထူနေသည်။
‘‘ဒီနေ့အရမ်းပျော်ပါတယ်။ အရမ်းပျော်ပါတယ် ခင်ဗျား’’ဟု သတင်းထောက်များကို ပြောပြီးချိန်တွင်တော့ မျက်ရည်များ စီးကျသည့်ကြားမှပင် ဦးထွန်းထွန်းထိုက်က လက်မထောင်ပြသည်။
မူရင်း - 7 Day 
သားနှစ်ဦးနှင့်တွေ့ဆုံရန် မိုင်ထောင်ချီခရီးနှင်လာပြီးနောက် ကော့စမွီထောင်ရှေ့တွင် မိဘများ ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေကြသည်။
လွန်ခဲ့သော တစ်လကျော်က အသတ်ခံလိုက်ရသည့် ဗြိတိန်စုံတွဲကို သတ်ဖြတ်ခဲ့မိပါသည်ဟု သားနှစ်ယောက်က ၀န်ခံလေမလား(သို့) သူတို့သည် လူသတ်တရားခံများမဟုတ်ဟု ဖွင့်ဟလေမလားဆိုသည်ကို သိလိုသည့် စိတ်ဇောဖြင့် မိဘများ စိတ်မောနေကြသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့မှတစ်ဆင့် ကော့စမွီကျွန်းပေါ်ရှိ ထောင်သို့ ခရီးနှင်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းတွင် ဗြိတိန်ခရီးသွားစုံတွဲကို သတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်းနှင့် ကိုဇော်ဝင်းထွန်းတို့ကို ဖမ်းဆီးထားရာ ကော့စမွီကျွန်းပေါ်ရှိ ထောင်ရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ အထူးကိုယ်စားလှယ်အဖွဲ့နှင့်အတူ  မိဘလေးဦးတို့ ၎င်းတို့နှစ်ဦးအားတွေ့ရန် ရောက်ရှိစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
မကြာပါ၊ ထောင်ရှေ့သို့ အချုပ်ကားတစ်စီး ထိုးဆိုက်လာသည်။ အချုပ်ကားပေါ်တွင် သံခြေချင်းခတ်ခံထားရပြီး လေးတွဲ့တွဲ့ဖြင့် ဦးစွာဆင်းလာသည့် ဇော်လင်းကို တွေ့လျှင်တွေ့ချင်း မိခင်ဖြစ်သူ ဒေါ်ဖြူချေနု ချုံးပွဲချငိုပါတော့သည်။ သားဖြစ်သူကလည်း မိခင်ကိုဖက်ပြီး ငိုတော့သည်။
 ‘‘အမေ ဘာမှစိတ်မပူနဲ့။ သားတို့မသတ်ဘူး။ ပထမလာမေးပြီး ကယ်မယ်ဆိုတာ မယုံဘူး။ အဲဒါကြောင့် သတ်တယ်လို့ ပြောထားတာ။ အခု အမေတို့နဲ့အတူတူ သံရုံးကအဖွဲ့ပါတယ်ဆိုတော့ အမှန်အတိုင်းပြောမယ်’’ဟု ဇော်လင်းက မိဘများကို ငိုကြွေးရင်းပြောသည်။
စွပ်စွဲထားရသည့် နောက်တစ်ဦးဖြစ်သော ၀င်းဇော်ထွန်းကလည်း မိဘများကိုတွေ့သောအခါ ‘‘သားတို့သတ်တာမဟုတ်ဘူး။ ဒီအမှုဖြစ်မှန်းလည်း မသိဘူး။ သားတို့စဉ်းစားထားတာက တရားရုံးရောက်မှ ပြောမယ်လို့ ဆုံးဖြတ်ထားတာ။ အသက်သေချင်သေသွားပါစေ’’ဟု ဖွင့်ဟပြောကြားလေတော့သည်။
ယင်းအဖြေများကို ကြားလျှင်ကြားချင်း မိဘများနှင့်ထပ်တူ ၀မ်းမြောက်သွားသူများမှာ ကူညီရန်လိုက်ပါလာသည့် မြန်မာသံရုံးမှ အထူးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်။ ယခုတစ်ခေါက်တွေ့ဆုံမှု၌ ရရှိလာသည့်အဖြေသည် အမှုအတွက် ပြောင်းလဲသွားမည်အဖြေဖြစ်မည်ဟု ယုံကြည်စိတ်ဖြင့် ကော့စမွီထောင်သို့ရောက်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးသည် ၎င်းတို့၏မိဘများနှင့် တွေ့ဆုံပါက အဖြစ်မှန်အတိုင်းပြောမည်ဟု မြန်မာသံရုံးအထူးအဖွဲ့ကို ပြောဆိုထားခြင်းကြောင့် ဖြစ်သည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ဖမ်းဆီးစစ်ဆေးခံခဲ့ရစဉ်က ထိုင်းရဲတပ်ဖွဲ့က စကားပြန်အဖြစ် ငှားရမ်းခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးတို့က ရိုက်နှက်စစ်ဆေးပြီး ခြိမ်းခြောက်ကာ အတင်းအဓမ္မ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု မိဘများကို ဖွင့်ဟကြသည်။  သူတို့နှစ်ဦးပြန်ပြောခဲ့သည်က စကားပြန်လုပ်သူများက ၀န်ခံပါက ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည်ဟု သူတို့ကိုဆွယ်သည်။ သတ်သည်ဟု ၀န်မခံပါက လက်ဖြတ်ပစ်မည်၊ တာယာကွင်းတွင် မီးရှို့သတ်ပစ်မည်၊ ပင်လယ်ထဲသို့ မျှောပစ်မည်ဟူ၍ ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် ၀န်ခံခဲ့ရပါသည်ဟု မြန်မာလူငယ်နှစ်ဦးက မိဘများနှင့် မြန်မာသံရုံးအထူးအဖွဲ့မှ ကိုယ်စားလှယ်များကို ပြောကြားလိုက်သည်။
 အဆိုပါထိုင်းရဲတပ်ဖွဲ့အတွက် စကားပြန်လုပ်ပေးခဲ့သူနှစ်ဦးမှာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မည်သူမျှမသိကြပေ။ အချို့ကတော့ ထိုသူနှစ်ဦး ထွက်ပြေးတိမ်းရှောင်နေသည်ဟုဆိုကြသည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ဗြိတိန်စုံတွဲအသတ်ခံရခြင်းကို မသိရှိဘဲ ထိုညက ဘီယာသောက်ပြီး ကမ်းခြေ၌ ရေကူး၍သာ ပြန်လာခဲ့ခြင်းသာဖြစ်ကြောင်း ယင်းညကအဖြစ်အပျက်များကို ပြန်ပြောင်းပြောသည်။
‘‘ကျွန်တော် ပထမနှစ်ကြိမ် သူတို့ကိုမေးဖူးတယ်။ မင်းတို့ သတ်သလားမေးတယ်။ သူတို့က ဟုတ်ပါတယ်၊ ကျွန်တော်သတ်တာပါလို့ ဖြေတယ်။ ဒီတစ်ခေါက် လာမေးတာလည်း အဲလိုပဲ ဖြေမယ်ထင်နေတာ။  အခုလိုဖြေလိုက်တော့ ပျော်သွားတာပဲဗျာ။ သူတို့ကိုလည်း ကျေးဇူးတင်တယ်။ နောက်ပြီး သူတို့ကို မြန်မာသံရုံးက ဒီလိုလုပ်မပေးလောက်ဘူးထင်နေတာ’’ဟု  မြန်မာသံရုံးအထူးအဖွဲ့မှ ဦးမိုးဝေက အားရ၀မ်းသာသော လေသံဖြင့်ပြောသည်။
သားစိတ်ဇောကြောင့် စိတ်ဆင်းရဲပူဆွေးသောကဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် အောက်တိုဘာ ၂၄ ရက်က ကော့စမွီထောင်မှ ပြန်အထွက်တွင် ပြုံးပျော်ရွှင်နေသည့် မျက်နှာအမူအရာများဖြင့် ပြန်ထွက်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း သားများက သူတို့လူမသတ်ခဲ့ဘဲ မတရားဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်ပါသည်ဟူသည့် အဖြေများကြောင့် အားတက်ပျော်ရွှင်နေသည်ကို သူတို့၏ အငိုမျက်နှာများကြားမှအပြုံးများက  သက်သေထူနေသည်။
‘‘ဒီနေ့အရမ်းပျော်ပါတယ်။ အရမ်းပျော်ပါတယ် ခင်ဗျား’’ဟု သတင်းထောက်များကို ပြောပြီးချိန်တွင်တော့ မျက်ရည်များ စီးကျသည့်ကြားမှပင် ဦးထွန်းထွန်းထိုက်က လက်မထောင်ပြသည်။
ထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် သတင်းထောက်များကို သားဖြစ်သူ ဝင်းဇော်ထွန်း၏ ပြောစကားများ ပြန်ပြောပြရင်း စိတ်မထိန်းနိုင်ဘဲ မျက်ရည်များက ဦးထွန်းထွန်းထိုက် ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။
‘‘အစကတည်းက ကျွန်တော့်သား သတ်တယ်ဆိုတာ မယုံပါဘူး။ အခုလို ကျွန်တော့်သားက သူမသတ်ပါဘူး။ အတင်းဝန်ခံခိုင်းလို့ ဝန်ခံလိုက်တာပါလို့ပြောလို့ ပိုပြီးယုံပါတယ်။ ကျွန်တော့်မိန်းမဆို ဒီနေ့မှပဲ ပြုံးပြုံးရွှင်ရွှင် နေနိုင်တယ်ဗျာ’’ဟု ဦးထွန်းထွန်းထိုက်က ပြောသည်။
 မြန်မာလုပ်သားနှစ်ဦး၏ ပြောစကားများကို ၎င်း၏မိဘများက ခရိုင်အစိုးရရှေ့နေများရုံးသို့ ချက်ချင်းစာပို့တင်ပြခဲ့ကြသည်။ အဆိုပါစာကို အောက်တိုဘာ ၂၉ ရက်တွင် အစိုးရရှေ့နေများရုံးချုပ်သို့ ပေးပို့ကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော အသက်(၂၄)နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနှင့် အသက်(၂၃)နှစ်အရွယ် ဟန်နာဝစ်သာရစ်ခ်ျတို့သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုစုံတွဲလူသတ်တရားခံမှာ မြန်မာလုပ်သားများဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ဖြစ်သည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖမ်းဆီးလိုက်ခြင်းအပေါ် ထိုင်းနိုင်ငံပြည်သူများ၊ အဖွဲ့အစည်းများနှင့် အတိုက်အခံပါတီနှစ်ခုဖြစ်သည့် ရှပ်နီနှင့် ရှပ်ဝါခေါင်းဆောင်များကပင် လူသတ်တရားခံမှာ မြန်မာမဟုတ်ကြောင်း ပြောဆိုထားပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ခဲ့ကြသည်။
မြန်မာလုပ်သားနှစ်ဦး၏ အမှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းရှေ့နေများကောင်စီထံ အပ်နှင်းလိုက်ပြီဖြစ်သည်။ ထိုင်းရှေ့နေများကောင်စီကလည်း အမှုကို မသင်္ကာမှုရှိသောကြောင့် မြန်မာလုပ်သားနှစ်ဦးဘက်က ကူညီဆောင်ရွက်ပေးမည်ဟု မြန်မာသံအမတ်ကြီးကို ကတိပြုထားသည်။
ထိုင်းနိုင်ငံလူ့အခွင့်အရေးကောင်စီကလည်း အဆိုပါအမှုကို ကူညီဆောင်ရွက်ပေးမည်ဟု သံအမတ်ကြီးထံ လာရောက်ပြောဆိုထားသည်။ ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးကလည်း လူသတ်တရားခံမဟုတ်ကြောင်း ဖွင့်ဟထားသည်။
‘‘ဒီနှစ်ဦးက လူသတ်တရားခံမဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့ ဘာလုပ်မလဲဆိုတာပဲ ဆက်စောင့်ကြည့်ရမှာပဲ’’ဟု မြန်မာသံရုံးအထူးအဖွဲ့က ပြောသည်။
ထို့ကြောင့် မြန်မာသံရုံးအထူးအဖွဲ့က ထိုစွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး ပြန်လည်လွတ်မြောက်လာလိမ့်မည်ဟု ယူဆနေကြသည်။ ထို့အပြင် ယခုဆိုလျှင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ဖမ်းဆီးထားသည်မှာ ၂၅ ရက်ရှိပြီဖြစ်ပြီး ၄၈ ရက်ကျော်လျှင် ချုပ်ရက်သက်တမ်းပြည့်မည်ဖြစ်သည်။
ထိုအတောအတွင်းတွင်မှ တရားစွဲဆိုနိုင်ခြင်းမရှိပါက ထိုလူငယ်နှစ်ဦး လွတ်မြောက်လာနိုင်သည်ဟု မိဘများနှင့် အထူးအဖွဲ့တို့က မျှော်လင့်နေကြခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ထိုင်းအစိုးရရှေ့နေများထံ အောက်တိုဘာ ၂၇ ရက်အထိ အမှုတွဲအပ်နှံနိုင်ခြင်းမရှိသေးပေ။
ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်ကမူ လတ်တလော ဖြစ်ပေါ်နေသည့် သူ၏ပြင်းပြသောဆန္ဒတစ်ခုမှာ သားဖြစ်သူ ပြန်လာသည့်အချိန် ရန်ကုန်လေဆိပ်တွင် အပြုံးများဖြင့် စောင့်ကြိုနေကြမည့် လူအုပ်ကြီးကို မြင်ချင်လှသည်ဟုဆိုသည်။
 

No comments:

Post a Comment