Wednesday, October 29, 2014

နရသိန်များ၏ ရည်ရွယ်ချက် မေးခွန်းထုတ်နေပြီ

မူရင်း - 7 Day

နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့် မကြာခဏပေးလာပြီးနောက် ရပ်ကွက်၊ ကျေးရွာထဲတွင် ပုံမှန်မဟုတ်သော စိုးရိမ်ပူပန်မှုများ ကြားလာရသည်။ ထောင်အတွင်း အသိတရားမရဘဲ လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာသူများသည် မှုခင်းများ ထပ်မံကျူးလွန် မည်ကို ပြည်သူအ များစုက စိုးရိမ်ကြခြင်းဖြစ်သည်။
‘‘လွတ်ငြိမ်းတွေလွတ်ပြီး သိပ်မကြာခင်မှာပဲ ရာဇ၀တ်မှုတွေမှာ အရင်ပြစ်ချက်ဟောင်းေ တွ ပြန်လုပ်နေတယ်ကြားတော့ လူတိုင်းစိုးရိမ်နေကြတယ်’’ဟု အလုံမြို့နယ် တွင်နေထိုင်သူ ဒေါ်စန်းစန်း က ပြောကြားသည်။
‘‘လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ အကျဉ်းသားအားလုံးနဲ့မတန်ဘူးလို့ ယူဆတယ်။ စိစစ်ပြီးမှ လွှတ်သင့်တယ်။ ဥပေက္ခာပြုတယ်လို့ ယူဆတယ်’’ဟု စက်မှု(၁) ၀န်ထမ်းဟောင်းဖြစ်သူ ဦးခင်မောင်လေးက ၎င်း၏အမြင်ကို ပြောကြားသည်။
ယခုအစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကျဉ်းသားပြန်လွှတ်ပေးမှု ၁၆ ကြိမ်ရှိသည်။ အကျဉ်းသားစုစုပေါင်း ၄၀,၀၀၀ ခန့်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားမှာ ၁,၁၈၂ ဦးသာ ပါဝင်သည်။ ထောင်အတွင်း စည်းကမ်းကောင်းမွန်သူ၊ ပြစ်ဒဏ်လွတ်ရန် နီးစပ်သူများကိုသာ လွတ်ငြိမ်းခွင့်ပေးသည်ဆိုသော်လည်း အများစုက ယင်းအချက်ကို မယုံကြည်ကြပါ။
ထို့အပြင် ပြည်သူများ စိုးရိမ်ပူပန်သကဲ့သို့ပင် လွတ်ငြိမ်းချမ်းသာခွင့်ရလာသူ ဒုစရိုက်သမားအချို့က ပြစ်မှုများဆက်လက်ကျူးလွန်မှုများရှိသည်။ သမ္မတကိုယ်တိုင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ပြစ်မှုထပ်မံကျူးလွန်၍ သေဒဏ်ပြန်ပေးလိုက်ရသော ရန်ကင်းလူသတ်မှုတရားခံဖြစ်စဉ်က ထိုအချက်ကို သက်သေပြနေသည်။ အဆိုပါပြစ်မှုကျူးလွန်သူမှာ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာပြီးနောက် ခိုက်ရန်ဖြစ်ပွားရာမှ တစ်ရပ်ကွက်တည်းသားချင်းကို လူမြင်ကွင်းမှာပင် ရက်ရက်စက်စက်သတ်ခဲ့ခြင်းဖြစ်သည်။
လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည်လွတ်မြောက်လာသူအများစုမှာ ပြစ်ဒဏ်ကျခံသည့်ကာလ အနည်းငယ်ကျန်ရှိသူ အများစုဖြစ်သော်လည်း အကျင့်စာရိတ္တပိုင်းဖြင့် ထောင်ကျသူများသည် ၎င်းတို့အမူအကျင့်ကို ပြန်ပြင်ဆင်နိုင်သူ အလွန်နည်းပါးသည်ဟု လှိုင်သာယာမြို့နယ် ရဲမှူးကိုဆန်းမြင့်ဦးက သုံးသပ်ပြောဆိုသည်။ ခိုးမှု၊ နှက်မှုဖြင့် ပြစ်ဒဏ်ကျခံသူများသည် လွတ်မြောက်လာပြီးနောက် ပြစ်မှုကျူးလွန်သည်ကို အများဆုံးတွေ့ရကြောင်း ၎င်းကဆက်ပြောသည်။
‘‘ရာဇ၀တ်မှုကျူးလွန်သူတွေက အခုဆို ထောင်ကျမှာ မကြောက်တော့ဘူး။ မကြာခင်ပြန်လွတ်မှာပဲဆိုတဲ့ အတွေးတွေဝင်နေတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးသိန်းက ပြောကြားသည်။
‘‘အကျဉ်းသားတွေ ထောင်ကလွှတ်ပေးတာတော့ မုဒိတာပွားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။‘‘ဒါပေမဲ့ ခိုးဆိုးနှိုက်တွေရဲ့ ပြဿနာကတော့ အလုပ်ပိုဖြစ်လာတယ်’’
ရာဇ၀တ်မှုဖြင့် ထောင်ကျသူများ ပြန်လွတ်လာသော်လည်း အချို့မှာ မူလအကျင့်များကို မဖျောက်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ကို စာရင်းပြုလုပ်ပြီး သွားလာနေထိုင်မှုများကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေရကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးဆန်းမြင့်ဦးက ပြောကြားသည်။ထို့ကြောင့် ယခုနောက်ပိုင်း တိုင်းအဆင့်၊ ခရိုင်အဆင့်ရဲတပ်ဖွဲ့ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် လွတ်ငြိမ်းကြောင့် ပြန်လွတ်လာသော ခိုးဆိုးနှိုက်များအရေး ဦးစားပေးဆွေးနွေးနေပြီး ၎င်းတို့ကို စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ အင်အားပိုသုံးလာရခြင်းမျိုးရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘လက်ရှိ လူဦးရေအချိုးနဲ့ ရဲတပ်ဖွဲ့အချိုးတောင် မနိုင်ဝန်ထမ်းနေရတာ။ အရင်က ကျွန်တော်တို့အနေနဲ့ ရပ်ကွက်ထဲမှာ လက်စလက်နရှိသူ သုံးယောက်ကို စောင့်ကြည့်နေတယ်။ လွတ်ငြိမ်းနဲ့အတူ နှစ်ယောက်ထပ်ရောက်လာတယ်။ ငါးယောက်စာစောင့်ကြည့်ရမယ်ဆိုတော့ ဒီက အင်အားနဲ့ ပြဿနာရှိလာတယ်’’ ဟု ပြီးခဲ့သည့်ရက်များအတွင်းက လူမိုက်အုပ်စုနှစ်စုချိန်းရိုက်မှုဖြစ်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ အကျဉ်းထောင်များတွင် အကျဉ်းသားများကို ပြန်လည်ပြုပြင်ပေးသောစနစ်ပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။ အကျဉ်းထောင်များသည် ပြစ်မှုကျူးလွန်သူများ ပြန်လည်ပြင်ဆင်နိုင်ရန်၊ လူ့ဘ၀တွင် တန်ဖိုးရှိစွာ ရှင်သန်ရေးအသိတရားရစေရန် ပြုပြင်ရမည့်နေရာဖြစ်သည်။ ပြစ်မှုကျူးလွန်ပြီး ထောင်ကျကာ လွတ်မြောက်လာသူများက ယခင်ကဲ့သို့ ရာဇ၀တ်မှုများ ထပ်မံကျူးလွန်နေလျှင် အဆိုပါထောင်များ၏ စွမ်းရည်မှာ အနုတ်လက္ခဏာပြနေပြီး အနာဂတ်မြန်မာလူ့အဖွဲ့အစည်းပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။
အဂတိလိုက်စားမှု ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော အကျဉ်းထောင်များမှာ လက်ရှိအစိုးရလက်ထက်တွင် အဂတိတရားကင်း၊ မကင်း။  လွတ်မြောက်လာသူများသည် အကျဉ်းထောင်အတွင်းမှ မှတ်တမ်းကောင်းသူ၊ ဘ၀သစ်ပြန်စရန် အသိတရားရသူများ ဟုတ်၊ မဟုတ်မှာ မြန်မာ့လူအဖွဲ့အစည်းအတွက် အရေးကြီးလှသည်။ ထိုအချက်မှာ ကျယ်ကျယ်လောင်လောင်ပြောနေသော်လည်း မြန်မာ့မြေတွင် ရှားပါးသည့် တရားဥပဒေစိုးမိုးမှုရရှိရေးအတွက် အလွန်အရေးပါသည်။
 အကျဉ်းထောင်များမှ ထွက်လာသူများ အပြင်လောကသို့ရောက်သောအခါ ပြစ်မှုများထပ်မံကျူးလွန်ခြင်းမှာ ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်ရှားပါးခြင်း၊ ၎င်းတို့အတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်များမရှိခြင်း၊ ထောင်များ၏ မူလရည်ရွယ်ချက်ဖြစ်သော အမှားပြန်လည်ပြင်ဆင်နိုင်ရန် အသိတရားမပေးနိုင်ခဲ့သည့်အတွက်ဖြစ်ကြောင်း တရားရေးဝန်ထမ်းများ၊ ရဲနှင့် ထောင်ပိုင်များက တူညီစွာမှတ်ချက်ပေးသည်။ ထို့အပြင် မိကွဲ၊ ဖကွဲဖြင့် ဘ၀ကို ကြမ်းတမ်းစွာ ကြီးပြင်းခဲ့ရပြီး လူဆိုး၊ လူမိုက်များက လူမွေးခြင်းခံထားရသော လူငယ်များမှာ ထောင်အတွင်းသွန်သင်ဆုံးမမှုများ ပြုလုပ်သော်လည်း ပြင်ပရောက်သည့်နှင့် ရာဇ၀တ်မှုများ ထပ်မံကျူးလွန်လေ့ရှိကြောင်း ၎င်းကပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် သတင်းအသေးစိတ်ကို ပြည်သူလူထုအား မပေးခဲ့သလို မြို့ရွာရပ်ကွက်များအတွင်း ပြန်ပို့တော့မည့် ဒုစရိုက်သမားများ၏ရန်ကို ကြိုတင်ကာကွယ်ရန်အတွက် အစီအမံပြုလုပ်မှုများလည်း ပျက်ကွက်ခဲ့ကြောင်း ပြည်သူအချို့က ဝေဖန်သည်။
တရားဥပဒေစိုးမိုးမှုအားနည်းနေသော တိုင်းပြည်တွင် ပြည်တွင်းလုံခြုံရေးအင်အားမှာ လူ ၆၅၀ တွင် ရဲတစ်ယောက်နှုန်းသာ အင်အားရှိသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ရဲတပ်ဖွဲ့အင်အားမှာ ၈၀,၀၀၀ ၀န်းကျင်သာရှိနေသည်။
ပြစ်မှုဆိုင်ရာဥပဒေဖြင့် အကျဉ်းကျနေသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နောက်ထပ် ပြစ်မှုများမကျူးလွန်ရန် နိုင်ငံတော်အစိုးရတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများက စိတ်ဓာတ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ ဥပဒေစိုးမိုးရေးအောက်တွင် နေထိုင်ရန် အတွေးအခေါ်များကို ပြုပြင်ပေးရန်လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအေးသိန်းက အကြံပြုပြောကြားသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများသည် ရပ်ကွက်များထဲတွင် လူမိုက်ဆန်ဆန် မိုက်ကြေးခွဲမှုများ၊ ထောင်ထွက်ဆိုသောဂုဏ်ပုဒ်ကို အကာအကွယ်ယူပြီး ဆက်ကြေးကဲ့သို့ တောင်းဆိုမှုများရှိနေသည်။
‘‘ညဘက်ဆိုအပြင်မထွက်ရဲဘူး။ လူမိုက်လိုပြောပြီး ငွေတောင်းတာတွေရှိတော့ ပြဿနာဖြစ်မှာ စိုးရတယ်’’ဟု လှိုင်သာယာမီးခွက်ဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလည်း အကျဉ်းထောင်များတွင် အကျဉ်းသားများမှာ မကြာခင်ပြန်ပြည့်လာလေ့ရှိနေသည်။ ထောင်တွင်းမှာ ဆင်ခြင်တုံ့တရားများရှိရန် သင်ပြပြောကြားသော်လည်း ထောင်မကြောက်သော ရောဂါများဖြစ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲဘက်စခန်းတစ်ခုမှ ထောင်ပိုင်တစ်ဦးက ပြောကြားသည်။
‘‘လွတ်ငြိမ်းချမ်းခွင့်ပေးပြီးလည်း ထောင်ထဲပြန်ရောက်တဲ့သူတွေရှိတာပေါ့။ ၀င်လိုက်၊ ထွက်လိုက်လုပ်နေကြတာ မလိမ္မာတဲ့သူတွေ အများကြီးပဲ။ ဘ၀အာမခံချက်မရှိတဲ့သူတွေ၊ မိနဲ့ဖနဲ့ ကြီးပြင်းတဲ့သူတွေ၊ စာမတတ်တဲ့သူတွေ ဒီလိုလူတွေကို နိုင်ငံတော်က ဘယ်လောက်ပဲ တရားဟောဟော လွတ်ငြိမ်းချမ်းသာခွင့်ပေးလည်း သူတို့ပုံစံကမပြောင်းဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ဒါတွေကိုမျှော်ပြီး မိုက်နေကြတာ။ အမှန်တော့ အဲဒါနဲ့ ပတ်သက်ပြီး အခုလို ခဏခဏလွှတ်ပေးတာ အမြင်ပြောတာပါ။ နည်းနည်းတော့ စိတ်ပျက်စရာကောင်းတယ်လို့မြင်တယ်’’ဟု ရန်ကုန်တိုင်း ရဲဘက်စခန်းတစ်ခုမှ ထောင်ပိုင်တစ်ဦးက သူ့၏အတွေ့အကြုံကို ပြောသည်။
ထောင်အတွင်း လူအခွင့်အရေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်ဖိအားပေးမှုများရှိသော်လည်း အကျဉ်းသားအချို့မှာ ညှာတာလျှင် အခွင့်အရေးယူသည်ဟု ထောင်ပိုင်တစ်ဦးကဆိုသည်။
‘‘ထောင်ဆိုတာ မကြောက်တော့ဘူး။ အရင်လိုမကြမ်းတမ်းတော့ အရင်လိုလည်း အလုပ်တွေ ပင်ပင်ပန်းပန်းမခိုင်းတော့ဘူးဆိုတော့ အပြင်မှာ လူ့အခွင့်အရေးအော်တဲ့သူတွေက ထောင်ထဲ ဘယ်လို၊ ဘာဖြစ်တယ်ပြောကြပေမယ့် တို့လည်း တာဝန်အရလုပ်ရတာ။ မနည်းထိန်းရတာ။ လူနဲ့တူသော လူသာလျှင် လူ့အခွင့်အရေးနားလည်တာ။ နို့မို့ရင် လူ့အခွင့်အရေးက အဆိပ်ပင်ရေလောင်းနေသလိုဖြစ်မယ်။ အပြင်မှာ ဘုမသိ၊ ဘမသိ ဝေဖန်နေကြတာ။ ထောင်ထဲမှာ အတတ်ပညာတွေ ဒါတွေလုပ်ပေးတော့ မက်လုံးအနေနဲ့ မြင်သွားတာဖြစ်မယ်’’ဟု ထောင်ပိုင်တစ်ဦးကလည်း သူ၏ထင်မြင်ချက်ကိုပြောသည်။
သို့သော် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များမှာ ကမ္ဘာတွင် လူ့အခွင့်အရေးလေးစားလိုက်နာသည်ဆိုသော နိုင်ငံစာရင်းတွင် မပါဝင်ပေ။
အကြောင်းအမျိုးမျိုးကြောင့် ပြစ်မှုကျူးလွန်သူများကို ထိုက်တန်သော ပြစ်ဒဏ်ခတ်ကာ  အမှားပြန်လည်ပြင်ဆင်နိုင်ရန်၊ နောင်တရပြီး ဘ၀ပြန်လည်တည့်မတ်နိုင်ရန် အမှားပြန်လည်ပြင်ဆင်ခွင့် (correctional facility) ရှိသော နေရာများဖြစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ဘဲ အကျဉ်းထောင်များ မူလရည်ရွယ်ချက်မအောင်မြင်ဘဲ ထောင်မှထွက်လာသူများ အသိတရားနှင့် နောင်တမရဘဲ မှုခင်းများ ထပ်မံကျူးလွန်နေလျှင် ထောင်စနစ်ကို လေ့လာသုံးသပ် အဖြေရှာရန် လိုနေပါသည်။ သေချာသည်ကတော့ လက်ရှိအကျဉ်းထောင်များတွင် ကျင့်သုံးနေသော  စနစ်နှင့် စီမံခန့်ခွဲနေသော ပုဂ္ဂိုလ်များ၏  အားနည်းချို့ယွင်းချက်များ ရှိနေပါသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကိုမြတ်သူက ‘‘အခုဆို ရပ်ကွက်ထဲမှာ ခိုးမှုတွေကစပြီး အမှုအခင်းတွေ အရမ်းများလာတယ်။ ကျွန်တော်တို့လည်း နေရတာ မလုံခြုံဘူးလို့ ခံစားရတယ်။ အ၀တ်လှန်းစင်မှာ မေ့ပြီးကျန်ခဲ့တဲ့ပုဆိုး မနက်မိုးလင်းရင်မရှိတော့ဘူး။ ဒီတော့ အကျဉ်းသားဆိုတာ အပြစ်ရှိလို့ကျခံနေရတာ။ အဲဒါကို သေချာမစိစစ်ဘဲ ပြန်လွှတ်သလိုဖြစ်နေတယ်။ ဒါကြောင့် ဒုစရိုက်သမား၊ စာရိတ္တချို့ယွင်းသူတွေက များလာပြီး ပြည်သူ့ဘ၀လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတာ အမှန်ပဲ’’ဟုဆိုသည်။

No comments:

Post a Comment