Monday, October 6, 2014

မီဒီယာ တိုက်ပွဲခေါ်သံ


မူရင်း - The Voice Weekly
ယခုတစ်လော ဗြိတိသျှတို့ မီဒီယာ လောကအတွင်း တိုက်ပွဲခေါ်သံများ တညံညံ ကြားနေရသည်။
မယုံမရှိနှင့်။
မီဒီယာလောကတွင် မီဒီယာ သီဟတင်စိုးတို့၊ မီဒီယာ နေထက်လင်းတို့ ရှိသည်။
ပြီးတော့ မီဒီယာ အလိုတော်ရိများ ဖြစ်သည့် မီဒီယာ ကိုကိုဦးတို့၊ မီဒီယာ အောင်ခိုင်တို့လည်း ရှိသည်။
မီဒီယာဒိန်းဒေါင်၊ မီဒီယာခင်လှိုင် အစရှိသော မီဒီယာ လူရွှင်တော်များလည်း ရှိသည်။
မီဒီယာ ဦးစောနိုင်တို့ မီဒီယာ ခင်မို့မို့အေးတို့လို့ မီဒီယာ ဇာတ်ပို့ကောင်းသူတွေလည်း ရှိကြသည်။
ထိုကဲ့သို့ ဇာတ်ဆောင်၊ ဇာတ်ပို့ စုံစုံလင်လင်ရှိသော မီဒီယာ ဇာတ်ခုံကြီးတွင် တိုက်ပွဲခေါ်သံ ဇာတ်ကား ရိုက်လေပြီ ဖြစ်သည်။
ဇာတ်လမ်းအစကတော့ မီဒီယာ သီဟတင်စိုးဟု ဗြိတိသျှ နာမည်ပေးထားသည့် ထိပ်တန်းဂျာနယ်ကြီးက အစပြုသည်။ သီဟတင်စိုး ဆိုသည်မှာ ဘယ်သူတက်တက် တော်လှန်ရေး မပြီးသည့် မင်းသားကြီး မဟုတ်ပေလား...။
အနှီဂျာနယ်ကြီးကလည်း ဘယ်သူလာလာ ဖိုက်တတ်သဖြင့် မီဒီယာ သီဟတင်စိုး ဆိုသည့် နာမည်နှင့် သင့်တော်မည်ထင်...။
အခုလည်း ဟိုတလောက လွှတ်တော် ဥက္ကဋ္ဌကြီး အစဆွဲထုတ်သွားသည့် ဘတ်ဂျက်ဆီးသီးဗန်းကြီး ကိစ္စနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန၏ ဒေါ်လာသိန်းချီ တန်သည့် ဘတ်ဂျက် ဆီးသီးကိစ္စကို ဂျာနယ်ကြီးက ထပ်ပြီး အစဆွဲထုတ် ပြလိုက်ရာမှ ပြဿနာစခြင်း ဖြစ်သည်။
ဒီမှာတင် Facebook စူပါစတား ပြန်ကြားရေး ဝန်မင်းက ဒေါသအိုး ပေါက်ကွဲတော့သည်။
ဆီးသီးကိစ္စ ဖွသော ထိပ်တန်းဂျာနယ်ကြီး အပြင် သမ္မတအား ဘာညာသာရကာဟု ပြောသော ဂျာနယ်တစ်ခုကိုပါ တရားစွဲမည်ဟု ကြေညာလေသည်...။
သမ္မတအား ဘာညာသာရကာ ဆိုတာကတော့ မူရင်းစာသားများကို ဗြိတိသျှ မရေးရဲသောကြောင ဖြစ်သည်။ ဂျာနယ်က ရေးသည့်အတိုင်း သေချာရေးပြလိုက်လျှင် မောင်ဗြိတိသျှကိုပါ တရားလာစွဲမှာ ကြောက်သောကြောင့် ဖြစ်သည်။
ကျွန်ုပ် ဗြိတိသျှကိုကိုမောင်ကား ရှေ့နေငှားရန် မပြောနှင့် တရားရုံးချိန်း တက်ခိုင်းလျင်ပင် ဖွတ်ကလိဒင်္ဂါး ရှားပါးလှသည့် အညတရလေး ဖြစ်သောကြောင့်ပေ...။
ပြောလက်စကို ပြန်ဆက်ဦးမည်။
ထိပ်တန်းဂျာနယ်ကြီးကလည်း သူ့ကိုတရားစွဲမည် ဆိုကာ ညောင်မြစ်တူးလာသော ဝန်ကြီးကို ဟိုဟာမဆွဲခင် ဒီဟာဆွဲပါ ဆိုသည့် ဆောင်းပါးဖြင့် ပုတ်သင်ဥတွေ တန်းစီပြီး ဖော်တော့သည်။
ထိပ်တန်းဂျာနယ်ကြီးမှ ရှယ်ယာဝင်တစ်ဦး၏ ဆောင်းပါးတွင် ပုတ်သင်ဥတွေက ဖွေးခနဲ ဖွေးခနဲ ပေါ်လာသည်ကို တွေ့ရသည်။
ဝန်ကြီး၏ ရောင်းရင်းဟုဆိုသော ခရိုတက္ကနီကာလတို့၏ ဆီးသီး အခွန်ကိစ္စတွေပါ ပါလာသည်။
ပြန်ကြားရေး ဝန်မင်းသည် တစ်ချိန်တုန်းက ထိပ်တန်းဂျာနယ်ကြီးတွင် စာရေးခဲ့ဖူးကြောင်းတွေလည်း ပါသည်။
ဒါတင်မက ဒီသတင်းကို ဖော်ပြလိုက်သော လပ်ကီးဂျာနယ်ကြီးကိုလည်း ထိပ်တန်းဂျာနယ်ကြီးမှ တရားစွဲမည်ဟု ဓားကြိမ်း ကြိမ်းလေသည်တဲ့...။အခုတစ်လော တရားသူကြီးနှင့် ရှေ့နေများ စီးပွားတက်ကိန်းပင် ဖြစ်သည်။
ငယ်ငယ်က ဥပဒေမေဂျာ မယူခဲ့မိတာကို အခုမှ ဗြိတိသျှတစ်ယောက် နောင်တရသည်။ နို့မို့ အခုလောက်ဆို ဒီမီဒီယာတွေ အပြန်အလှန် တရားစွဲတာတွေနှင့်တင် ကော်ပြီဟု တွေးမိသည်။
လပ်ကီးဂျာနယ်ကြီးကလည်း သီဟတင်စိုးဟု ခေါ်သော ထိပ်တန်းဂျာနယ်ကြီးနဲ့ မတိမ်းမယိမ်း မီဒီယာ နေထက်လင်း အဆင့်တွင် ရှိသည့် ဂျာနယ်ကြီး ဖြစ်သည်။
အနှီ လပ်ကီးဂျာနယ်ကြီးက ဘယ်သူဘက်က ဘယ်လိုသာသာထိုးထိုး ရေးလိုက်သလဲ ဆိုတာကိုတော့ ဗြိတိသျှ မသိ...။ ဗြိတိသျှသိသည်က ဇာတ်တူသား စားကြလျှင် မျိုးပြုတ်သည်ဟူသော ဟင်္သာကိုးသောင်း ပုံပြင်သာ ဖြစ်သည်။
ပြဿနာတွေက ရှုပ်ထွေးရသည့်အထဲ နိုင်ငံခြားသတင်းဌာန တစ်ခုက ပြဿနာတစ်ခု ထပ်ဖွသည်။
အတိုက်အခံ ဒေါင်းပါတီက ခြင်္သေ့ပါတီ အဓိပတိကြီးတစ်ဦးကို သမ္မတအဖြစ် ထောက်ခံမည်ဟု သတင်းရေးလိုက်သည်။
အနှီနိုင်ငံခြား သတင်းထောက်ကြီး မေးသွားသည်ဆိုသည့် ဒေါင်းပါတီ ခေါင်းဆောင်ကြီးများက မျက်ကလဲဆန်ပျာနှင့် ငြင်းချက်ထုတ်ကြသည်။ ထမင်းစားနေတုန်း လာမေးသဖြင့် ပလုတ်ပလောင်းဖြင့် ပြန်ဖြေရာမှ နားလည်မှု လွဲသည်ဟု ဆိုသည်။
တကယ်တော့ နိုင်ငံခြားသတင်းထောက်ကြီးက ဒေါင်းပါတီ ခေါင်းဆောင်ကြီးအချို့ ထမင်းစားနေစဉ် သွားမေးမိခြင်းသည်ပင် သူ့အမှားပင်ဖြစ်၏။ သူ့နေရာမှာ ဗြိတိသျှသာဆိုလျှင် ထမင်းဝိုင်းမှာ သွားမမေး.. ဘီယာဝိုင်း (သို့မဟုတ်) အရက်ဝိုင်း တစ်ခုခုမှာ သွားမေးမှာ ဖြစ်သည်။
အရက်မူးလျှင် ရင်တွင်းဖြစ် အမှန်များ လွှတ်တတ်သည်မှာ လူ့သဘာဝပင် မဟုတ်ပါလား...။
အရက်သည် သစ္စာရည် တစ်မျိုးပေကိုး...။
ဗြိတိသျှကတော့ မီဒီယာလောကထဲ မနေ့တစ်နေ့က ရောက်သည်ဆိုတော့ တချို့ကိစ္စတွေ သိပ်နားမလည်ချင်...။ အားလုံးက ကိုယ့်ဆြာသမားတွေချည်းပဲ ဖြစ်နေသဖြင့် မျက်လုံးလေး ကလယ်ကလယ်နှင့် ရွှေမှုံရတီစတိုင်လ် ဖမ်းနေရသည်။
ဘယ်ဘက်ကို အားပေးရမှန်းပင် မသိတော့...။
သို့သော်လည်း ဘယ်ဘက်က ကြည့်ကြည့် အကောင်းမြင်တတ်သည့် မောင်ဗြိတိသျှကတော့ ဒါဟာ သက်ဆိုင်ရာ ဂျာနယ်တွေ စောင်ရေတက်ဖို့ ကိစ္စပေပဲဟု တွေးပြီး ကြံဖန်ဝမ်းသာသည်။
အနှီ မီဒီယာတိုက်ပွဲခေါ်သံ ရုပ်ရှင်ကြီးတွင် နောက်ထပ် သရုပ်ဆောင်သစ် ဂျာနယ်များလည်း ထပ်မံ ပါဝင်လာလေမည်လားဟု ရင်တထိတ်ထိတ်ဖြင့် စိတ်ဝင်စားမိသည်။
ဒီထက်ပိုဆိုးပြီး မီဒီယာ IS တို့၊ မီဒီယာ အယ်လ်ကိုင်းဒါးတို့ ပေါ်လာလျှင်တော့ ဒီတိုက်ပွဲက ကိစ္စပြတ်ဖို့ပဲ ရှိတော့သည်။
ဒီနေ့ဆိုလျှင် သမ္မတကို ဘာညာဘာညာဟု ရေးမိသည့် ဂျာနယ်ကြီးက ထောက်ပြသည့် ကိစ္စတစ်ခုကိုတော့ ဗြိတိသျှ သဘောကျမိသည်။
ယခင်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာများ ရှေ့မျက်နှာဖုံးတွင် ရေးထားသည့် စာသားများကို ပုံကြီးချဲ့ ပြထားခြင်းပင် ဖြစ်သည်။
ဟိုမီဒီယာက ကလိမ်၊ ဒီမီဒီယာက ဗလောင်းဗလဲ၊ ဟိုပါတီက တိုင်းပြည်ကို ချောက်ထဲတွန်းချနေတဲ့ ပုဆိန်ရိုးတွေ ဆိုသည်သာမက အခုလွှတ်တော်ထဲ ရောက်နေသော တရားဥပဒေ ထိန်းသိမ်းရေး ကော်မရှင်ဥက္ကဋ္ဌ အန်တီကြီးကိုပင် ပိုးစိုးပက်စက် ရေးထားသည့် သတင်းစာ စာသားတွေ ဖြစ်သည်။
ကဲ...ဒါကျတော့ သတင်းကျင့်ဝတ်နှင့် ညီသလားဟု မေးခွန်းထုတ်ထားသည်။
ပြန်ကြားရေး ဝန်မင်းအား ဒဲ့သွားမေးလျှင်တော့ ဒါ အရင်အစိုးရ လက်ထက်က လုပ်တာလေဟု ခပ်မာမာဖြင့် ဟောက်ထုတ်မှာ မြင်ယောင်သည်။
ဒီခေတ်တွေ ကုန်တာကြာလို့ ငါတောင် လမ်းဘေးဆိုင် ထမင်းစားပြပြီး အမေရိကန် သွားပြီးပြီဟု ပြောမှာလည်း သေချာသည်။
ဘတ်ဂျက်ဆီးသီးဗန်း ကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးဘက်က တရားစွဲသည်ကလည်း အကြောင်းရှိလောက်သည်။
အမေရိကန်ပြန် လတ်လတ်ဆတ်ဆတ် ဝန်ကြီးအနေဖြင့် အဆိုပါကိစ္စအား ဌာနတွင်းဘတ်ဂျက် အပိုရှင်းပြီးသား ဖြစ်သဖြင့် ရဲရဲဝံ့ဝံ့ တရားစွဲမည် ဆိုခြင်းဟု ဗြိတိသျှ ထင်သည်။
(သတိ- အပိုရှင်းဆိုသည့် စကားလုံးအား ပြောင်းပြန်မဖတ်ကြရန် အထူး မေတ္တာရပ်ခံပါသည်… မောင်ဗြိ ကြောက်လို့ပါ ခင်ညာ)
ထိပ်တန်းဂျာနယ်ကြီးဘက်က ကြည့်ပြန်တော့လည်း စာရွက်စာတမ်း အထောက်အထားတွေ နှင့်တကွ ဖော်ပြနေခြင်း ဖြစ်သည်။
ဒီလို တိုက်ပွဲခေါ်သံတွေကလည်း ကြောက်ခမန်းလိလိမို့ မီဒီယာ ဖားပျံလေးသာ ဖြစ်သော ဗြိတိသျှကတော့ဖြင့် အသာလေး ဝပ်နေမိသည်။
ဘာပဲဖြစ်ဖြစ် လူတွေကတော့ မနက်မနက် ဒီတိုက်ပွဲခေါ်သံတွေကို စိတ်ဝင်စားကြသဖြင့် သတင်းစာများ စောင်ရေတက်သလို သတင်းစာ လက်ပွေ့သမားများလည်း ဟိုလူကခေါ်ချင် ဒီလူက ခေါ်ချင်ဖြင့် မျက်နှာပွင့်ကြလေ၏..။
အနှီမျက်နှာပွင့်ကြသည့် အထဲတွင် ဗြိတိသျှထိုင်လေ့ ရှိသော ၂၇ လမ်း လက်ဖက်ရည်ဆိုင်ရှေ့မှာ သတင်းစာ လက်ပွေ့ဆရာ ဦးလေးဂေါက်ကတော့ မျက်နှာအပွင့်ဆုံး ဖြစ်မည်ထင်သည်။
ဦးလေးဂေါက် သတင်းစာ အော်ရောင်းသည့် အသံကား ………
“ဒီနေ့တော့ ရဲနှင့် ဝမ်းဝမ်းဆွဲကြပြီဆိုတဲ့ ပွဲကြီးပွဲကောင်း အကြောင်း သတင်းတွေပါတယ်...” ဟူသတတ်...။
ပထမတော့ ငတုံး ဗြိတိသျှက သူဘာကို ပြောမှန်း နားမလည်။
နောက်မှ ဘေးက သူငယ်ချင်းက ရှင်းပြသည်။
ပြန်ကြားရေး ဝန်ကြီးနှင့် ထိပ်တန်း ဂျာနယ်ကြီးတို့အကြား ဖြစ်နေကြသည့် သတင်းကို ပြောခြင်းတဲ့...။
အခုတော့ ရဲနှင့် ဝမ်းဝမ်းတင်မက...တူးတူးရော...သရီးရီးရော...ဆဲဗင်းတွေ ...အိတ်တွေပါ လုံးလည်ချာလည် ဆွဲကုန်ကြလေပြီ ...။
တဖြည်းဖြည်း ကျယ်လောင်လာသော မီဒီယာတိုက်ပွဲခေါ်သံ ဇာတ်ကားကြီးကား ၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ တစ်ကြိုပေးခံရသည့် ဇာတ်ကားကြီး ဖြစ်လာချေပြီ တမုံ့ ...။
ဗြိတိသျှကိုကိုမောင်
(သံချောင်းပါတီ)

No comments:

Post a Comment