Wednesday, September 24, 2014

ဗွက်ထနေတဲ့ ဝေလေလေ တစ်ယောက်ရဲ့ ကောက်ကြောင်း


သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်း
ဒေါ်ခင်မေသန်းဟာ ကာမပိုင်လင်ယောက်ျား ရှိခဲ့ပါရက်နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းက သူတစ်ပါး သားမယားကို စည်းရုံးမြူဆွယ်၊ သိမ်းသွင်းဖြားယောင်း လက်ထပ်လိုက်ပြီဆိုတဲ့ သတင်း စာနယ်ဇင်းသမားတွေ ကြားကြရတယ်။ ဒေါက်တာဘသန်း အိမ်ခြံဝင်းထဲက သတို့သားနဲ့ သတို့သမီး ထွက်လာတာကို စောင့်ပြီး စာနယ်ဇင်းသမားတွေက ဓါတ်ပုံ ရိုက်တော့........

ဆောင်းပါးရှင် - ဆောင်းဝင်းလတ်


စာရေးဆရာ၊ သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်းဟာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်ရောက်မသွားခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိလိုက်ရပါတယ်။ ဆရာကြီးနဲ့ ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့် မရခဲ့တာ ၀မ်းနည်းစရာ ပါ။ မြန်မာပြည် လွတ်လပ်ရေးမရခင်မှာ ဂျပန်တွေ စစ်ရေး အသာစီးရပြီး မြန်မာနိုင်ငံထဲမှာ ဖက်ဆစ်စနစ်နဲ့ လက်ဝါးကြီးအုပ် ဗိုလ် လုပ်နေကြတုန်းက၊ ဂျပန်ကင်ပေတိုင် စစ်ဘက် ၀ါဒ ဖြန့်ချိရေး ဌာနက “ဂရိတ်တား အေးရှား” လို့ အမည် ရတဲ့ သတင်းစာတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ ဘာလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ လဲဆို တော့ မြန်မာပြည်မှာ မြန်မာစာကို တတ်တဲ့ သူတချို့ ရှိ တယ်။ မြန်မာလို ဖတ်တတ်တဲ့သူ တချို့ရှိတယ်။ အဲဒီ့လိုပဲ အင်္ဂလိပ်လို ရေးတတ် ဖတ်တတ် ပြောတတ်တဲ့သူတချို့လည်း ရှိတယ်။ ဂျပန်စာ၊ ဂျပန်စကားကို လူတိုင်း မတတ်ဘူး။ ဒီတော့ ဂျပန်စစ်အရာရှိတွေက သူတို့ရဲ့ “ဂရိတ်တားအေးရှား သတင်းစာ” ကို အင်္ဂလိပ်ဘာသာနဲ့ပဲ ထုတ်ဝေနိုင်ခဲ့ကြတာပါ။
ဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့ အဓိပတိရာထူး ရထားတဲ့၊ ခေတ်ပညာ တတ် ဒေါက်တာဘမော်ရဲ့ အစိုးရကလည်း သတင်းစာတစ်စောင် ထုတ်ဝေ လိုက်ပါတယ်။ “ဗမာ့ခေတ်”သတင်း စာပါ။ ၁၉၄၅ ခုနှစ်မှာ မြန်မာ တိုင်းရင်းသားတွေက စုပေါင်းပြီး ဖက်ဆစ်ဂျပန်တွေကို မောင်း ထုတ် တော်လှန်ပစ်ခဲ့ကြတယ်။ မတ်လ မှာပါ။ ဒါကြောင့် မတ်လတော်လှန်ရေးဆိုတာ သမိုင်းဝင် ခဲ့တယ်။ စာရေးဆရာကြီး၊ ကဗျာ ဆရာကြီး ဒဂုန်တာရာက မတ်လ တော်လှန်ရေး ကဗျာကို ရေးခဲ့တယ်။ နိုင်ငံတကာမှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်တပ်တွေ ကလည်း မဟာမိတ်ဖွဲ့ပြီး နာဇီဂျာမနီတပ်တွေ နဲ့ ဖက်ဆစ်ဂျပန်တပ်တွေကို အပြင်းအထန် တိုက်ကြသလို၊ ရုရှားတပ်တွေ ကလည်း နာဇီတွေကို တိုက်ထုတ်ပစ်ကြတယ်။ နောက် ဆုံးမှာတော့ နာဇီတွေနဲ့ ဖက်ဆစ်တွေ စစ်ရှုံး သွားကြတယ်။ မြန်မာနိုင်ငံထဲမှာ မြန်မာပြည်သူ လူထုကို ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်နေကြတဲ့ ဖက်ဆစ် ဂျပန်စစ်တပ်ဟာလည်း ထွက်ခွာ ထွက်ပြေးသွား ခဲ့ကြရတယ်။
ဖက်ဆစ်တွေမရှိတော့တဲ့နောက်ပိုင်းမှာ ၁၉၄၅ ခုနှစ် သြဂုတ်လ ထဲ ရောက်တော့ “တိုင်းပြု ပြည်ပြု ပုံနှိပ်တိုက်”လို့ခေါ်တဲ့ ပုံနှိပ်တိုက်ရဲ့ ပိုင်ရှင် ဦးအုန်းခင်က “ဗမာ့ခေတ် သတင်းစာ” ကို ကိုယ်ပိုင်ထုတ်ဝေခဲ့တယ်။ တခြား သတင်းစာတွေလည်း ထွက်လာကြတယ်။ ဒီနေရာမှာ စာနယ်ဇင်းနဲ့ နိုင်ငံရေး ဟာ အရေးပါတဲ့အ ကြောင်း ပြောချင်တယ်။ ဂျပန်တပ်တွေ စစ်ရှုံးသွားတော့ အင်္ဂလိပ်တပ်တွေက မြန်မာပြည် ထဲ ပြန်ဝင်လာကြပြီး အင်္ဂလိပ်အစိုးရ ကလည်း အုပ်ချုပ်ရေးပိုင်းကို ပြန်ချုပ်ကိုင်ထားလိုက်တယ်။ အင်္ဂလိပ်အစိုးရ က မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးနဲ့ အရင်ဆုံး ပြန်အုပ်ချုပ်တယ်။ အင်္ဂလိပ်အစိုးရရဲ့ ပထမအဆင့် ရည်မှန်းချက် က “၃”နှစ်လောက်ကြာအောင် စစ်အုပ်ချုပ် ရေးနဲ့ အုပ်ချုပ်မလို့ပဲ။ ဒါပေမဲ့ စာနယ်ဇင်း သမားတွေ စာနယ်ဇင်းတွေ အားလုံးက စစ်အုပ်ချုပ်ရေး မလိုချင်ဘူး။ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး ရုပ်သိမ်းပေးပါလို့ အင်္ဂလိပ်အစိုးရကို တောင်းဆို လိုက်ကြတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက စာနယ်ဇင်းတွေကို လေးစား တဲ့အနေနဲ့ ၂၇ .၉ .၁၉၄၆ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေးအာဏာ ပေးအပ်ခဲ့ ရတာ စာနယ်ဇင်း သမားတွေရဲ့ အောင်ပွဲလို့ ဆိုနိုင်ပါတယ်။ အစိုးရအဖွဲ့ရဲ့ နာမည် ကိုလည်း “ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ”လို့ ခေါ်ခဲ့ တယ်။ သတင်းစာတွေ ထဲမှ “ဗမာ့ခေတ်”သတင်းစာရဲ့ အဲဒီ့ခေတ်က ထူးခြားချက် တစ်ခုကတော့ ရန်ကုန်မြို့မှာရှိတဲ့ “ဘီအိုအေဒီ” လက်နက်တိုက် ကနေပြီး မြန်မာလို စက်သေနတ် အင်္ဂလိပ်လို ဘရင်းဂန်းသေနတ် စုစုပေါင်း ၂၀၀ ပျောက်ဆုံး သွားတဲ့သတင်းကို သတင်းထူး သတင်းဦးအနေနဲ့ ဖော်ပြရေးသားနိုင်ခဲ့တာပဲ ဖြစ်တယ်။
ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်း ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို သတင်းမျိုးတွေကို သတင်းထောက် လုပ်ပြီး ကြိုးစားရေးသားခဲ့တဲ့ သတင်းစာ ဆရာကြီး တွေထဲမှာ ဆရာကြီး အောင်ဗလ ခေါ် ဦးသောင်း လည်း ပါဝင်ခဲ့တယ်။ ဆရာကြီးဟာ အဲဒီ့တုန်းက ငယ်ရွယ်တဲ့ သတင်းထောက်ဘ၀နဲ့ ဗမာ့ခေတ်သတင်းစာမှာ အချိန်ပြည့် အလုပ်လုပ် ခဲ့တယ်။ ဆရာကြီးရဲ့ သတင်းစာလောကနဲ့ စာနယ်ဇင်း လောက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ ကလည်း စုံလင် များပြားလှတယ်။ အလုပ်သင်သတင်းထောက်၊ မှုခင်း သတင်းထောက်၊ တရားရုံး သတင်းထောက်၊ အထွေထွေသတင်းထောက်၊ နိုင်ငံရေး သတင်းထောက်၊ သတင်းထောက်ချုပ်၊ အားကစား သတင်းထောက်၊ ဓါတ်ပုံသတင်းထောက် စသဖြင့် ဘ၀တွေက စုံလင်လွန်းလှတယ်။ ဆရာကြီးဟာ ဗမာ့ခေတ် သတင်းစာ ကနေပြီး ကြေးမုံသတင်းစာကိုလည်း ကိုယ်ပိုင်အစွမ်း အစနဲ့ တည်ထောင် သွားနိုင်ခဲ့သူ တစ်ယောက် ဖြစ်လို့ ကြေးမုံဦးသောင်း ရယ် လို့ ထင်ရှားခဲ့သူ လည်း ဖြစ်ပါတယ်။
ဆရာကြီးရဲ့ သတင်းစာဆရာဘ၀ ဖြတ်သန်းမှု အတွေ့အကြုံတွေထဲမှာ ဆိုရင် စစ်အာဏာ ရှင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ပတ်သက်လို့လည်း အများကြီးပါပဲ။ ဒါကြောင့် လည်း ဆရာကြီး မကွယ်လွန်ခင်က စာအုပ်တစ်အုပ်ရေးသွားနိုင်ခဲ့ပါတယ်။
"ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ" ဆိုတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ကြေးမုံ ဦးသောင်း (အောင်ဗလ) နာမည်နဲ့ ရေးသွားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီ့ စာအုပ်ထဲမှာ စိတ်ဝင်စားစရာတွေ အများကြီး ပဲပါခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ နိုင်ငံရေးအစဉ်အလာ မရှိ။ တို့ဗမာအစည်းအရုံး သခင်အဖွဲ့နှစ်ခုထဲမှာလည်း မှတ်ပုံတင်စာရင်းသွင်းပြီး အဖွဲ့ဝင်ဖြစ်ခဲ့တာ လုံးဝမရှိ၊ အင်္ဂလိပ်အစိုးရ အကျိုးအတွက် လျှို့ဝှက်စုံထောက် လုပ်ခဲ့ဖူးတယ်။ ဂျပန် ကင်ပေတိုင် စုံထောက်အဖွဲ့ရဲ့ သူလျှို လုပ်ခဲ့ဖူးတယ်။ သခင်အဖွဲ့က ထုတ်ပယ်ခံခဲ့ရတဲ့ သခင်ဗစိန် ဆီမှာတော့ တပည့်ခံခဲ့တယ်။ အဲဒီ့တုန်း က သခင်ဗစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ရဲ့ ပုံနှိပ်တိုက်မှာ ဗိုလ်နေ၀င်း အလုပ်လုပ်ခဲ့ဖူးသလို ဗိုလ်နေ၀င်းရဲ့နာမည်ရင်း ဟာ ရှုမောင်ဖြစ်ပြီး၊ စာတိုက်စာရေးလေးလုပ်ခဲ့ ဖူးတယ်။ စစ်ကြီးပြီးတော့မှ သခင်နာမည်ကို သူ့ဘာသာသူ တပ်ခဲ့တဲ့ လူလို့လည်း သိရတယ်။
ဖ.ဆ.ပ.လ အဖွဲ့ကြီး “၂” ခြမ်းကွဲပြီး၊ တည်မြဲနဲ့ သန့်ရှင်း ပ.ထ.စ ဖြစ်ခဲ့ရတာလည်း ဗိုလ်နေ၀င်း ရဲ့ သူလျှိုဥာဏ်ကြောင့်လို့ သိရတယ်။ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အင်အားစုနဲ့ သူက ထဲထဲ ၀င်ဝင် စိမ့်ဝင် ဆက်ဆံပြီး တစ်ဖက်က ၀န်ကြီးချုပ်ဦးနု အထင်မှားအမြင်မှားဖြစ်အောင် သတင်းတွေ သူပေးလို့၊ ဖ.ဆ.ပ.လ အဖွဲ့ကြီး စိတ်ဝမ်းကွဲခဲ့ရတာကိုလည်း သိလိုက် ရပါတယ်။ ဗိုလ်နေ၀င်းဟာ အာဏာနဲ့ရာထူးအတွက် အဲဒီ့ခေတ်က အရပ်သား အစိုးရအဖွဲ့ အပေါ်မှာ အကြပ်ကိုင်ခဲ့ဖူးတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြီးဖြစ်တော့ သူ့ကို ကာကွယ်ရေး ၀န်ကြီး တာဝန်နဲ့ ဒုတိယ၀န်ကြီးချုပ်ရာ ထူးပေးပါ။ ဒါမှသာ သူတာဝန်ယူထားတဲ့ စစ်တပ်က ရန်သူတွေကို တိုက်ပေးနိုင်မယ်လို့ အကြပ်ကိုင်တာနဲ့ ဖ.ဆ.ပ.လ ၀န်ကြီးချုပ် ဦးနုက ဗိုလ်နေ၀င်း ကို ဒုတိယ ၀န်ကြီးချုပ် ရာထူး ပေးလိုက်ရတယ်။ တကယ်တော့ လူထုဆန္ဒ လူထုရဲ့ မဲ မပါဘဲနဲ့ အရေးပေါ် ပေးလိုက်ရတဲ့ ရာထူးပဲဖြစ်တယ်။
ဗိုလ်နေ၀င်းဟာ အဲဒီ့ခေတ် ကာလတွေကတည်းက စာနယ်ဇင်းသမားတွေကိုလည်း စော်ကား ခဲ့သူ ဖြစ်တယ်။ စာနယ်ဖင်းသမားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တာကတော့ ၁၉၅၇ ခုနှစ် က ပါပဲ။
အဲဒီ့တုန်းက ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်း ရဲ့ သမီး ဒေါ်ခင်မေသန်းဟာ ကာမပိုင် လင်ယောက်ျား ရှိခဲ့ပါရက်နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းက သူတစ်ပါး သားမယား ကို စည်းရုံးမြူဆွယ်၊ သိမ်းသွင်းဖြားယောင်း လက်ထပ်လိုက်ပြီဆို တဲ့သတင်း စာနယ်ဇင်းသမားတွေ ကြားကြ ရတယ်။ ဒေါက်တာဘသန်း အိမ်ခြံဝင်းထဲက သတို့သားနဲ့ သတို့သမီး ထွက်လာတာ ကို စောင့်ပြီး စာနယ်ဇင်းသမားတွေက ဓါတ်ပုံ ရိုက်တော့၊ ဗိုလ်ချုပ်ကြီးနေ၀င်း က ဒေါ်ခင်မေသန်းကို ကားထဲ ဆွဲသွင်းလိုက်ပြီး၊ နေးရှင်း သတင်းစာရဲ့ ဓါတ်ပုံသတင်းထောက် မစ္စတာ လာဇဂိုး လက်ထဲက ကင်မရာကို ဆွဲလုလိုက်တယ်။ ကင်မရာကို ရိုက်ခွဲ ဖျက်ဆီးတယ်။ ကင်မရာ ထဲက ဖလင်လိပ်ကိုလည်း ပုံတွေ ပျက်သွားအောင် ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ ဓါတ်ပုံ သတင်းထောက် မစ္စတာလာ ဇဂိုးကို အကြမ်းဖက် ကိုယ်ထိ လက်ရောက် စော်ကား ဆဲဆိုပြီး ထိုးကြိတ်ရိုက်နှက် ခဲ့တယ်။ မစ္စတာလာဇဂိုးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆရာဝန်တွေ ဆီမှာ ဆေး ကုသမှုခံယူခဲ့ရတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၁၉၅၈ ခုနှစ်မှာ တိုင်းပြည်ရဲ့ အာဏာကို အိမ်စောင့် အစိုးရ ဆိုပြီး၊ “ပထမ အကြိမ်”စစ်အာဏာတည်ထောင် ခဲ့တယ်။ အဲဒီ့ကတည်း က ကြံ့ခိုင်ရေးအဖွဲ့ဆို တာကို အုတ်မြစ်ချ အစပျိုးပေး ခဲ့တယ်။ အဲဒီ့ခေတ်မှာပဲ စစ်တပ်က ဗိုလ်မှူးချုပ်အောင်ကြီးတို့ ဖွင့်တဲ့ “အင်းဝဘဏ်” မှာ ဗိုလ်ချုပ်ကြီး နေ၀င်းဟာ မြေကွက်ကို အပေါင်ပစ္စည်းအနေ နဲ့အပ်နှံပြီး အင်းဝ ဘဏ်မှာ ပေါင်တယ်။ အိတ်ထဲက ကိုယ်ပိုင်ငွေတစ်ပြား တစ်ချပ်မှ မပါဘဲ တိုက်အိမ်ကြီးဆောက် လို့ မိသားစုနေထိုင်ခဲ့ကြတာကိုလည်း ဆရာကြီးက လူထုတွေ သိကြ မြင်နိုင်ကြဖို့ သူ့စာအုပ် ထဲမှာ မှတ်တမ်းတင် သွားခဲ့ပါတယ်။
အဲဒီ့ အိမ်စောင့်အစိုးရဆိုတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းတို့ရဲ့ လက်ဝါးကြီးအုပ် ဖက်ဆစ်စနစ် ကာလ ကတည်းက မြန်မာပြည် သူလူထုရဲ့ လွတ်မြောက်ရေး လမ်းစ ပျောက်ဆုံးခဲ့ရတာတွေကိုလည်း ၀မ်းနည်းဖွယ်ရာ အဖြစ် ဆရာ အောင်ဗလ က မှတ်တမ်းတင်သွား ခဲ့ပါတယ်။ ဒါတွေဟာလည်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးလို ၀ါရင့် သဘာရင့် သတင်းစာဆရာကြီး စာရေးဆရာကြီး တစ်ယောက်ရဲ့ စာပေဂုဏ်ကျေးဇူးလို့ပဲ မှတ်ယူမိ ပါတယ်။ ဆရာကြီးက စာပေ အရေးအသားတွေနဲ့ မီးမောင်းထိုးပြသွားခဲ့လို့လည်း အတ္တ၊ မာန၊ ပကာသန၊ အာဃာတ ၊ လောဘ၊ ဒေါ သ၊ မောဟတွေနဲ့ ဗွက်ထနေ တဲ့ ဝေလေလေ အုတ်ကြားမြက်ပေါက်ကြီး တစ်ယောက် ရဲ့ ရုပ်ပုံကောက်ကြောင်း အမှန်တွေကို ကျွန်တော်တို့ သိခွင့်ရလိုက်ကြကြောင်းပါ။ ။