Wednesday, September 24, 2014

သူတို့ ဟောင်းလောင်း၊ ကိုယ် ဟောင်းလောင်း ဓမ္မစေတီရွှေခေါင်းလောင်း

စစ်တန်းလျားပြန်မယ်ဆိုတဲ့ တပ်မတော်သားကြီးများက ပုဆိုးလဲ ၀တ်ပြီး လွှတ်တော် ထဲ ရောက်နေတာ၊ ညောင်နှစ်ပင်လိမ်စခန်းက ၁၅ နှစ်ကြာအောင် မုသားတလှေကြီး နဲ့ တီထွင်ပြဌာန်းရတဲ့ အခြေခံဥပဒေကြီးကို နာဂစ်မှာ ကွယ်လွန်သွားတဲ့ ၀ိညာဉ်များ နဲ့ ၂၀၁၄ မှာ ၀န်ကြီး ဦးခင်ရီ ဂုဏ်ယူလှစွာသော မဟာသန်းခေါင် စာရင်းထဲမပါတဲ့ ပြည်သူများ ရဲ့ ထောက်ခံ ချက်နဲ့ ၉၈ ရာခိုင်နှုန်းကျော် ထောက်ခံပြီး အတည်ပြုခဲ့တာ ...... .... စသည်စသည် မုသာဝါဒါ များနဲ့ ယှဉ်လိုက်တော့ ဦးစံလင်းရဲ့ မုသားဆိုတာက ပါးပါးလေး မဟုတ်ပါလားဗျာ။ 
ဆောင်းပါးရှင် - ရီနေနိုင်

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေခြင်း ခရီး ပြန်လည်ဆန်းသစ် တပတ်ပြန်ကျော့လာပြန်တဲ့ အခုလပိုင်း ရက်ပိုင်းမှာ အရင်နဲ့ မတူဘဲ မီဒီယာပွင့်လင်းမှု အားကောင်းတဲ့ ကာလမို့ လူတွေရဲ့ အာရုံစိုက်မှုကို အရင်အ ခေါက် တွေကထက် ပိုပြီး ဆထက်တန်ပိုး ရပုံပေါ်ပါတယ်။ သြဂုတ်လ ၉ ရက်နေ့က ပြန်စခဲ့တဲ့ ဦးစံလင်းခေါင်းဆောင်တဲ့ ဒီခေါင်း လောင်းကြီးရှာဖွေမှုဟာ သြဂုတ်လ ၂၆ ရက် နေ့ကျတော့ ခေါင်းလောင်းကြီး တွေ့ပါပြီလို့ သတင်းထုတ်ပြန်လိုက်တဲ့ အခါ အုတ်အော် သောင်းတင်းဖြစ် သွားတော့တာပါပဲ။ ရန်ကုန် လူထုရဲ့ ခေတ်မီချင်တဲ့ သဘာဝ အတိုင်း မနက်ဖြန်သဘက်ပဲ ရွှေတိဂုံပေါ် ပြန်ရောက်မယ့် ရောက်မယ့် ခေါင်းလောင်းကြီးကို သူများထက်ဦးအောင် သွားကြည့်ရတော့မလိုလိုဖြစ်ပြီး နောက်ဆုံးတော့ သမ္မာန်ဆရာတွေပဲ အလုပ်ဖြစ် သွားတယ်လေ။ (နဂါးမင်း စောင့်ရှောက်တဲ့ သမ္မာန်သမားများသမဂ္ဂကနေ ဦးစံလင်း ပါးစပ်က ဒီလို မုသာဝါဒထွက်အောင် ပြုစားရက်လေသလားတော့ မဆိုနိုင်ဘူးပေါ့ခင်ဗျာ)။
ဒီသတင်းကြားတော့ သတင်းစိတ်ဝင်စားတဲ့လူသား အများထဲကတစ်ယောက် ကျွန်တော့်မှာ လည်း ဟုတ်နိုးနိုး ထင်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူများတွေထက်သာတာ တစ်ခုက ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်ဆယ့်ငါးနှစ်အတွင်းမှာကို ခေါင်းလောင်းကြီးကို ရှာကြ သူတိုင်း မြင်ခဲ့သလိုလို၊ စမ်းမိသလိုလို၊ မှန်းမိသလိုလို ပြောခဲ့တာတွေက အတော်များနေပြီ ဆိုတာကို မမေ့သေးတဲ့အတွက် ဒီလောက် “မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန်၊ ကြံကြံ ဖန်ဖန်” ကြီး အတွေ့မြန်တာကို သူတကာလောက်တော့ မယုံနိုင်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သြဂုတ်လ ၂၆ ရက်နေ့မှာ ခေါင်းလောင်းကြီးတွေ့ပါပြီဆိုပြီး အသေးစိတ် သတင်း အတိအကျ မထုတ်ပြန် ပဲ ရွှေရောင်နဂါးမင်း ပူဇော်လို့ပဲ စောင့်နေရသလိုလို ဘာလိုလို သတင်းတွေ အတည်ပေါက်ကြီးပြောလာတော့ ပိုစိတ်ပျက်သွားပါ တယ်။
ဒါပေမဲ့ ကျွန်တော် ဒီခေါင်းလောင်းကြီးအကြောင်း စာတစ်ပုဒ်မှမရေးပဲ လက်ရှောင်နေ ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါက အများအတွက် နိုင်ငံအတွက် သာသနာအတွက် ဆိုပြီး ဘယ်သူခိုင်းလို့မှမဟုတ်၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြဋ္ဌာန်း၊ ငွေကုန်လူပန်းခံလုပ်နေသူမို့ အချိန်ပေးစောင့်ကြည့်ဖို့ လိုတယ် ထင်လို့ပါပဲ။ (ကျွန်တော်တို့နိုင်ငံမှာက အဲဒီလိုလူတွေထဲမှာလည်း လူလိမ်တွေက မနည်းလှတာကြုံနေကျမို့ ပုံပြီးတော့ မယုံနိုင်ဘူးပေါ့ဗျာ)။
ပြီးတော့ သုဓမ္မမဏိဇောတဓရ ဘွဲ့ရထားတဲ့ ပုဂ္ဂိုလ်ပဲဗျာ။ ဘွဲ့ရထားသူကို မလေးစားချင် ရင်တောင် ဘွဲ့ပေးသူကြီးများကို လေးစားသောအားဖြင့် ဘွဲ့ရပုဂ္ဂိုလ်ကို ထိပါးပြော ဆိုဖို့ရာ စဉ်းစား ဆင်ခြင်သင့်တာမဟုတ်လား။ ဒါပေမဲ့ အခုတော့ နောက်ဆုံး မှာ အဲဒီတုန်း က ခေါင်းလောင်းကြီးတွေ့ပါပြီဆိုတာဟာ ဦးစံလင်းရဲ့ အပြောအရ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ရတာဖြစ်ပြီး တကယ် ဟုတ်မဟုတ်မသိပါဘူးလို့ ဆိုလာတဲ့ အဖြစ် ရောက်လာတာ ကတော့ အတော်ဆိုးသွား ပါပြီ။ အဆိုးဆုံး ကိစ္စကတော့ ရေငုတ်အဖွဲ့ခေါင်း ဆောင်ဦးသန်းညွန့်က ကော့သောင်းကို ပြန် သွားပြီး ““ဘာ ခေါင်းလောင်းကြီးမှ မတွေ့ပဲ သင်္ဘောပျက်ကိုသာ သူကိုယ်တိုင်ကြိုးချည် ခဲ့တာပါ၊ သူတို့ပြောသလို ဆလုံလည်း တစ် ယောက်မှမပါ၊ ကော့သောင်း ဒေသခံ ၉ ဦးနဲ့ ရေငုတ် ရှာတာဖြစ်ပြီး အခု ၇ ဦးက အိမ်ပြန် ရောက်နေပါပြီ””လို့ ပြောလိုက်တဲ့အခါ အဆိုးဆုံး အခြေအနေကို ရောက်သွားပါတယ်။ ဒါ တောင် သတင်းထုတ်ပြန်ရေးအဖွဲ့က ရေငုတ် သမားတွေ အိမ်ပြန်တယ်ဆိုတာ မဟုတ်ပါ ဘူးလို့ ငြင်းနေပါသေးတယ်။
အမှန်တော့ ဦးစံလင်း က ““ဒီခေါင်းလောင်းကြီးကို တွေ့ပြီ၊ နှစ်ပတ်အတွင်း ကုန်းပေါ်တင်မယ် ””လို့ ပြော တာ အခုမှ မဟုတ်ပဲ ၂၀၁၀ခု ဇွန်လ ၂၂ရက် နေ့စွဲနဲ့ ခေါင်းလောင်းကြီးကို ရှာဖွေခွင့် ထပ်လျှောက်ရာမှာကို တစ်ကြိမ်ပြောခဲ့ပြီးသား ပါ။ အဲဒီတုန်းက ဦးစံလင်းက ဂျာနယ်များကိုပြော ကြားရာမှာ သူခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုတ်ရှာဖွေပြီး ၁၉၉၈ ခု သြဂုတ်လ ၁၁ ရက်နေ့ ညနေမှာ ရှာဖွေတွေ့ရှိခဲ့ ပြီးဖြစ်ကြောင်း၊ နှစ်ပတ်အတွင်း ကုန်းပေါ်တင်နိုင်ကြောင်း ပြောခဲ့ပြီးသားဖြစ် ပါတယ်။ ““ဒီကိစ္စတွေ က ထူးခြား ဆန်းကြယ် တဲ့အတွက် အားလုံးနား လည်အောင် ပြောရ ခက်တယ်”” လို့ ပြောတာ ကလည်း အဲဒီ ကတည်းက လက်သုံးစကားပါ ပဲ။ (ရွှေရောင် နဂါးကြီး ကိုတော့ အဲဒီတုန်းက ထုတ်မပြဘူးလေ)။
တကယ်တော့ ဒီခေါင်းလောင်းကြီးဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ ခေါင်းလောင်း ကြီးပါ။ မြန်မာနိုင်ငံရဲ့အချို့သော ကိစ္စရပ်တွေ ကို လူရာသွင်းဖော်ပြလေ့မရှိတဲ့ (ဥပမာ၊ မဆ လခေတ်က ၀န်ကြီးအဖွဲ့စာရင်းတို့ ဘာတို့ ပြန်ရှာလို့မရနိုင်တဲ့) ၀ီကီပီဒီးယားစွယ်စုံကျမ်း မှာတောင် ဓမ္မစေတီခေါင်းလောင်းကြီး အ ကြောင်း တခမ်းတနား ဖော်ပြထားပါတယ်။ အဲဒီမှာ ခေါင်းလောင်းကြီးဟာ ကမ္ဘာ့အကြီး ဆုံးခေါင်းလောင်းကြီး ဖြစ်နိုင်ပုံနဲ့ သမိုင်းအ ထောက်အထားအရ ပိဿာချိန် ၁၈၀,၀၀၀ (၂၉၄ တန်) ရှိပုံကိုလည်း ဖော်ပြထားပါတယ်။
ဒါတင်မကပဲ ၁၅၈၃ ခုနှစ်မှာ အီတလီကျောက် ကုန်သည် ဂက်စပါရိုဘယ်လ်ဘီ က ရွှေတိဂုံပေါ် မှာ ဒီခေါင်းလောင်းကြီး ကို တွေ့မြင်ခဲ့ရပုံ၊ ခေါင်းလောင်းကြီးအကျယ်က ခုနှစ်လှမ်းနှင့် သုံးဖ၀ါးခန့် ရှိကြောင်း ဒိုင်ယာရီဖြင့် မှတ်တမ်း တင်ခဲ့ပုံ တွေကအစ ပေါ်တူဂီနိုင်ငံသား ငဇင်ကာ က အမြောက်သွန်းဖို့ သယ်ယူရာမှာ ပဲခူး နဲ့ ရန်ကုန်မြစ်ဆုံရာမှာ နစ်မြုပ်သွားပုံတို့ကို လည်း ဖော်ပြ ထားပါတယ်။ ဒါတင်မက ဒီ နောက်ပိုင်းမှာ ဒီနောက်ပိုင်းမှာ ဒီခေါင်းလောင်းကြီး ကို ဆယ်ယူဖို့ ကြိုးစားကြရာမှာ အမေရိကန်နိုင်ငံသား ဂျိန်းဘလန့် ဆိုရင် ၁၁၅ ကြိမ် တောင် ရေငုတ်ရှာဖွေခဲ့ပြီး ခေါင်းလောင်းကြီး ဟာ အရှေ့အိနိယကုမဏီက ဒတ်ခ်ျ သင်္ဘော နှစ်စင်းဖြစ်တဲ့ ကိုမိုင်းနဲ့ ကိုနင်းဒေးဗစ်ဆိုတဲ့ သင်္ဘောပျက် နှစ်စီးကြားမှာ ရှိတယ် လို့ဆို ကြောင်း ဖော်ပြထားပါသေးတယ်။
အလား တူပဲ မြန်မာတိုင်းမ်က ဆောင်းပါးတစ်ပုဒ်မှာ ဆိုရင် ဂျိန်းဘလန့် က ခေါင်းလောင်းကြီး ကို လက်နဲ့တောင်စမ်းခဲ့ပြီး ၁၆ ဒီဂရီ ၄၆ ဒသမ ၀၀၀ မိနစ်မြောက်နဲ့ ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့မှာရှိတယ်လို့ အတိအကျပြောခဲ့ ကြောင်း ဖော်ပြထားပါတယ်။ ဒီလိုပဲ ၂၀၀၀ ခုနှစ် မှာ မြန်မာအစိုးရက အကူအညီတောင်း လို့ ဗြိတိသျှမရင်းသိပံပညာရှင် မိုက်ဟက်ချာ က ရှာပေး ဖို့ တာဝန်ယူပြီး အဲဒီစီမံကိန်းမှာ ဂျပန် နဲ့ သြစတြေလျကုမဏီတွေ ပါခဲ့သတဲ့။ ၂၀၁၁ မှာ ဆိုနာတွေ ကောပါးဆာလဖိတ်ရှာ ဖွေရေးကိရိယာတွေနဲ့ ရှာဖို့ ကြံထားပေမယ့် မဖြစ်မြောက် ခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ သြစတြေလျက မှတ်တမ်းရုပ်ရှင်ရိုက်သူနဲ့ စူးစမ်း ရှာဖွေရေးသမား ဒါမီယန်လေးတို့ အဖွဲ့ မြစ်ကြောင်းတစ်လျှောက် စကင်လုပ်ကြည့်ရာမှာ ခေါင်းလောင်းနဲ့ တူတဲ့ ပုံရိပ် တစ်ခုတွေ့ ခဲ့ပြီး ဟုတ်မဟုတ် သေသေချာချာ မပြော နိုင်ဘူးလို့ ဆိုခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ၁၉၈၂ ခုကတည်းက အစော ဆုံးရှာဖွေဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဦးကြိုင် တို့လိုပဲ ၁၉၈၇ မှာ ဦးကျော်ဦးနဲ့အဖွဲ့၊ ၁၉၈၉ မှာ ဦးသိန်းထွန်းနဲ့အဖွဲ့တို့လည်း ရှာခဲ့ဖူးသေး တာပါပဲ။ ၁၉၉၇ မှာ ရန်ကုန်စည်ပင်သာယာ၊ ၁၉၉၈ မှာ ဒေါ်အေးသိန်းတို့အဖွဲ့ လည်း ရှာဖူးပါတယ်။ ဒီလိုပဲ ဒီနေ့ ကျွန်တော်တို့ရဲ့ မီဒီယာဇာတ်လိုက်ကျော် ဦးစံလင်းဟာလည်း ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉ နှစ်များမှာ အသည်း အသန် ရှာဖွေခဲ့သေးသူပါ။ ၂၀၁၀ ခုနှစ်မှာ မီဒီယာ နဲ့ တွေ့ဆုံ တဲ့အခါမှာ ဦးစံလင်းက ဓမ္မ စေတီခေါင်းလောင်းကြီးကို နှစ်ပေါင်းများစွာ အိုးပစ် အိမ်ပစ် ရှာဖွေ ခဲ့တာဖြစ်ပြီး တိုက်ခန်း နှစ်ခန်း နဲ့ မော်တော်ကားသုံးစီး ကုန်သွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးတာကို အံ့သြတကြီး မှတ်သားခဲ့ရဖူးပါတယ်။
ခေါင်းလောင်းကြီးအပေါ် ကျွန်တော် စိတ်ဝင်စားတာ၊ ခေါင်းလောင်းကြီးကို ရေထဲက နေ ကုန်းပေါ် ရောက်စေချင်တာဟာ ဦးစံလင်းရဲ့ စိတ်ထက်သန်မှုထက် ၁၀ ပုံ တစ်ပုံလောက် တော့ ရှိမယ် ထင်တာပါပဲ။ ဒါပေမဲ့ ဦးစံလင်း ဒီလိုရှာဖွေမိလို့ ကုန်သွားခဲ့ပါပြီဆိုတဲ့ စည်းစိမ် ချမ်းသာရဲ့ အပုံတစ်ရာပုံ တစ်ပုံတောင် ကျွန်တော် မချမ်းသာဖူးတာမို့ ““သြော်၊ ကုန်နိုင် စွမ်းရှိပါပေ့”” ဆိုပြီး အံ့သြရတာပါ။ တကယ် တော့ သူ့ဘ၀ဖြတ်သန်းမှုကို သေချာစွာမသိရ ပေမယ့် အာဏာပိုင်နဲ့ လက်ဝါးရိုက် စီးပွားရှာတဲ့ ခရိုနီတော့ မဟုတ်လောက်ပါဘူး။ တကယ်တော့ သူလည်း ၀န်ထမ်းဟောင်း ကိုယ်လည်း ၀န်ထမ်းဟောင်းပါပဲ။ ဒါပေမဲ့ သူက တပ်မတော်(ရေ) ကဆိုတော့ ကိုယ်က ““မ တတ်မတော်လို့ပဲလေ””လို့ စိတ်ဖြေရတာပေါ့။
စက်တင်ဘာ ၁၄ ရက်နေ့မှာ ခေါင်းလောင်း ကြီး သတင်းထုတ်ပြန်ရေးအဖွဲ့နဲ့ နတ်စင်တစ်ရာ ဆရာတော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ နတ်စင်တစ်ရာဆရာတော်က ဦးစံလင်းကို လိမ်လည်တာတွေ၊ လက်လွတ်စပယ် ပြောဆိုတာတွေ ထပ်မလုပ်ဖို့ သတိပေးထားတယ်လို့ ဆိုလိုက်ပါတယ်။ ပြီးတော့ ““ဦးစံလင်းထွက်မပြေးပါဘူး””လို့ လည်း လူပြော သူပြောများနေ တဲ့ ကောလဟာလကို ရှင်းပြ လိုက်ပါသေးတယ်။ ဟုတ်ပါ့ဗျာ။ ဘာများ ပြေးစရာလိုလို့လဲ။ သူ့ထက် လိမ်တဲ့သူတွေ တောင် ဘယ်မှမပြေးဘဲ ကိုယ့်နေရာကိုယ် ခပ်တည်တည် ဆက်ထိုင်နေကြတာပဲဟာ။
တကယ်တော့ ကျွန်တော်တို့တိုင်းပြည်က လွတ်လပ်ရေးရကတည်းက ၄ နာရီ မိနစ် ၂၀ မှာ စခဲ့တာမို့ ဖိုးတွမ်တီးနဲ့ ဇာတ်လမ်းစခဲ့တာလို့ ဆရာအောင်သင်း ပြောခဲ့တဲ့စကားလို့ လိမ်တာရော အလိမ်ခံရတာရောက သိပ်အဆန်းတော့ မဟုတ်ပါဘူး။ ကိုလိုနီကျွန်ဘ၀ ရောက်တုန်းကလည်း သီပေါဘုရင်ရဲ့ အမိန့် ဆိုပြီး “ခုခံသူသူပုန်”ဆိုတဲ့ ကြေးနန်းအတုကို တပ်အသီးသီးကို ရိုက်ပို့ တဲ့ ကြေးနန်းစာရေး မောင်ကျော်ဒင်တို့၊ ဒီလိုလုပ်ခိုင်းတဲ့ ကင်းဝန် မင်းကြီးတို့၊ ညောင်ရမ်း မင်းသား လိုလို ညောင်အုပ်မင်းသားလိုလိုနဲ့ သင်္ဘောဦးမှာ ထိုင်လိုက် လာတဲ့ မောင်ဘသန်း တို့လို မုသာဝါဒါဇာတ်ကောင်များနဲ့ စခဲ့တာပဲလေ။
အခုလည်း ရေငုတ်ခေါင်းဆောင် ဦးသန်းညွန့်က ဦးစံလင်း ကို “မုသာဝါဒါ နည်းနည်း သုံးသလိုဖြစ်တာပေါ့” လို့ပြောတာဟာ အဲဒီလောက် မဆိုးသေးဘူး မဟုတ်လား။ ဒါတင်မကပဲ အားလုံးသိတဲ့အတိုင်း စစ်တန်းလျားပြန်မယ်ဆိုတဲ့ တပ်မတော်သားကြီးများက ပုဆိုးလဲ ၀တ်ပြီး လွှတ်တော်ထဲ ရောက်နေတာ၊ ညောင်နှစ်ပင်လိမ်စခန်းက ၁၅ နှစ်ကြာအောင် မုသား တလှေကြီး နဲ့ တီထွင်ပြဌာန်းရတဲ့ အခြေခံဥပဒေကြီးကို နာဂစ်မှာ ကွယ်လွန်သွားတဲ့ ၀ိညာဉ်များ နဲ့ ၂၀၁၄ မှာ ၀န်ကြီး ဦးခင်ရီ ဂုဏ်ယူလှစွာသော မဟာသန်းခေါင်စာရင်းထဲ မပါတဲ့ ပြည်သူများ ရဲ့ ထောက်ခံချက်နဲ့ ၉၈ ရာခိုင်နှုန်းကျော် ထောက်ခံပြီး အတည်ပြုခဲ့တာ၊ တစ်ခါ ရွေးကောက်ပွဲ ကျတော့ လူ့ဘောင်သစ်အတု၊ ၀ံသာနုအန်အယ်လ်ဒီ၊ ၈၈ ကျောင်းသားရွှေရည်စိမ်၊ စသည် များနဲ့ပြိုင်တာတောင် ရှုံးလို့ ကြိုတင်မဲနဲ့ ဇွတ်လိမ်ပြီး အစိုးရ တက်လုပ်ရတာ စသည်စသည် မုသာဝါဒါများနဲ့ ယှဉ်လိုက်တော့ ဦးစံလင်းရဲ့မုသားဆိုတာက ပါးပါးလေး မဟုတ်ပါလားဗျာ။
ဘာပဲဖြစ်ဖြစ် မုသားကတော့ မုသားပဲမို့ အတော်စိတ်မကောင်းစရာတွေကတော့ များ နေ ပါသေးတယ်။ ဒီထဲမှာ ရေငုတ်သမားများ က ပရဟိတစိတ်နဲ့လာလုပ်တာဖြစ်ပြီး လမ်းစရိတ် အပြင် တစ်ယောက် တစ်သိန်းရပါတယ်လို့ ပြောပေမယ့် ဆရာတော်က တစ်ယောက် ကို သိန်းငါးဆယ်ပေးလိုက်တယ်ဆိုတဲ့ ကွဲလွဲ ချက်၊ ဦးစံလင်းက အလှူ့ရှင် တွေရဲ့ငွေကို တစ်ပြားမှ မသုံးသေးပဲ သူ့ငွေနဲ့သူလုပ်တာ အခု သိန်း ၁၅၀၀ မှာ သိန်း ၇၀၀ ကုန်သွား ပြီဖြစ်ကြောင်းလို့ ဆိုပေမယ့် တကယ်က အဲဒီ ထောင့်ငါးရာထဲမှာ အဓိကအလှူရှင် ဆယ်ဦးရဲ့ ငွေပါနေတယ် ဆိုတဲ့အချက်တွေ ရှိနေပါတယ်။ လှူပြီး ဖြစ်တဲ့အတွက် ဦးစံလင်း ငွေလို့ ဆိုနေသလားတော့ မပြောတတ်ပါ။ သတင်းထုတ်ပြန်ရေးအဖွဲ့က အလှူရှင်များရဲ့ နာမည်ကိုလည်းမပြော၊ သင်္ဘောပေါ်က လူ ဘယ်နှယောက် ဆင်းသွားပြီဆိုတာလည်း မပွင့်မလင်း၊ ဦးစံလင်း အကြောင်း မေးတော့ လည်း မရှင်းမလင်းမို့ တချို့သတင်းသမားများက ပွဲမပြီးခင်ပြန် သွားကြတယ်ဆိုတာကလည်း စိတ်မကောင်း စရာပါပဲ။
ဒီထက် စိတ်မကောင်းစရာက အထက်မှာ ဖော်ပြခဲ့တဲ့ ၀ီကီပီဒီးယားရဲ့ နောက်ဆုံးစာ ကြောင်းမှာ ““၂၀၁၄ သြဂုတ်လတွင် မြန်မာသတင်းရပ်ကွက်က ခေါင်းလောင်းကြီးတွေ့ပြီ ဖြစ်ကြောင်းနှင့် ကုန်းပေါ်သို့ အမြန်ဆုံးဆယ်တင်နိုင်ရန် စီစဉ်နေကြောင်း သတင်းဖော်ပြခဲ့ သည်””ဆိုတာပါပဲ။ မကြာမီ ““ယင်းသတင်းမှာ လိမ်လည်မှုတစ်ခုသာဖြစ်ပြီး မြန်မာနိုင်ငံတွင် လိမ်လည်ခြင်းနှင့် အလိမ်ခံရခြင်းတို့မှာ သမရိုးကျကိစများဖြစ်သည်””လို့ ဆက်ရေးမလား မဆိုနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမျိုးဘာသာ သာသနာချစ် မြန်မာအများစုရဲ့ ခေါင်းလောင်း ကြီး ဆယ်ယူနိုင်ပြီ ဆိုတဲ့ မျှော်လင့်ချက်က ““ဟောင်းလောင်းကြီး” ဖြစ်သွားသလိုပဲ ရက်အကန့် အသတ် မရှိ ရှာဦးမယ်ဆိုတဲ့ ဒီခေါင်း လောင်းရှာဖွေခြင်း ပရောဂျက်ကို ပြည်ပ စိတ်ဝင်စားနေ သူများက “ဟောင်းလောင်း၊ ဟောင်းလောင်း” (How long? How long?) ဆိုပြီး “ဘယ်လောက် များကြာဦးမှာလဲ”လို့ မေးလာကြမှာကို မြင်ယောင်မိပါတော့တယ်ဗျာ။
The Ladies News Journal