Wednesday, September 24, 2014

ခေါင်းအုံးနှင့် ဖျာအရင်းပြု ကြွယ်ဝမှုသရဖူဆောင်းသူများ

၁၉၄၀ ပြည့်နှစ်တွင် ဘန်ကောက်မြို့ တရုတ်တန်း၌ တရုတ်ပြည်ဖွား ညီအစ်ကိုသုံးဦးသည် မျိုးစေ့အရောင်းဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ကြ၏။ သူတို့သည် ဖခင်ဖြစ်သူနှင့်အတူ ၁၉၂၀ ပြည့်နှစ်တွင် ပြည်မကြီးမှ ထိုင်းနိုင်ငံ (ထိုစဉ်က ဆီရမ်နိုင်ငံ)အတွင်း ဝင်ရောက်ခဲ့ကြခြင်းဖြစ်၏။ ထိုင်းနိုင်ငံသည် ဆီရမ် (Sriam)ဟူသော အမည်မှ ၁၉၃၉ ခုနှစ်တွင် ထိုင်းဟု ပြောင်းလဲခေါ်ခဲ့ခြင်းဖြစ်၏။ အဆိုပါညီနောင်သုံးဦးသည် ထိုင်းစာသင်ကျောင်းများ၌ ပညာသင်ကြားခဲ့ပြီး ထိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ကြ၏။ မြန်မာနိုင်ငံ ပုဂံခေတ်မှ ရှမ်းညီနောင်သုံးဦးထက် အဆိုပါတရုတ်ညီနောင်သုံးဦးက ပိုပြီးအစွမ်းထက်ပုံကို အကျဉ်းချုပ်ဖော်ပြလိုက်ပါ၏။
(က) ၁၉၄၀ ပြည့်နှစ်ကာလများတွင် သူတို့သည် တိရစ္ဆာန်အစာနှင့် ဓာတ်မြေဩဇာများကို စတင် တင်သွင်း၏။ ၁၉၅၄ ခုနှစ်တွင် အစာစက်ရုံလုပ်ငန်း တည်ထောင်၏။
(ခ) ၁၉၇၀ ပြည့်နှစ်များအတွင်း သူတို့၏ CP ကုမ္ပဏီ (Chareom Pokphand Co.,ltd)သည် ထိုင်းနိုင်ငံ ကြက်သားနှင့် ကြက်ဥဖြန့်ဖြူးရောင်းချမှုကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့၏။
(ဂ) ၁၉၈၀ ပြည့်နှစ်များတွင် သူတို့သည် ကုမ္ပဏီပေါင်း ၆၀ တိတိ တိုးချဲ့ထူထောင်ပြီး ကြက်၊ ဘဲမွေးမြူရေး၊ ဝက်မွေးမြူရေး၊ အစာစက်ရုံများနှင့် အခြားဆက်စပ်သော လုပ်ငန်းများ လုပ်ကိုင်၏။ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်နှင့် စင်ကာပူတွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့၏။
(ဃ) ၁၉၉၀ ပြည့်နှစ်များတွင် အခြားလုပ်ငန်းများ ထပ်မံတိုးချဲ့ခဲ့ပြီး ထိုင်းနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတစ်ရပ် ထူထောင်ခဲ့၏။ ဂျပန်နိုင်ငံ၏ ဆန်နီကားကုမ္ပဏီ၊ နယ်သာလန်နိုင်ငံ၏ မာကို၊ အမေရိကန်နိုင်ငံ၏ 7-eleven၊ ကေအက်ဖ်စီနှင့် Wall-Mart စသည်တို့နှင့် ဆက်သွယ်ပူးပေါင်းပြီး လက်လီရောင်းချမှုလုပ်ငန်းများ ထူထောင်ခဲ့၏။
(င) ထို့နောက် CP သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်သောအခါ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံခြားကုမ္ပဏီဖြစ်ခဲ့၏။

စိုက်ပျိုးရေးအခြေခံစီးပွားရေးလုပ်ငန်းများသာမက၊ မော်တော်ဆိုင်ကယ်၊ စက်သုံးဆီဖြန့်ဖြူးရေး၊ ဘီယာချက်စက်ရုံ၊ စက်မှုဇုန်တည်ဆောက်ခြင်း၊ ဟိုက်ပါမားကက်များနှင့် ရေနံဓာတုလုပ်ငန်းများ ထူထောင်ခြင်း စသည်ဖြင့် နယ်ပယ်ချဲ့ထွင်ခဲ့၏။
(စ) ၁၉၉၅ ခုနှစ်တွင် CP အုပ်စုသည် နိုင်ငံပေါင်း ၂၀ တွင် ကုမ္ပဏီပေါင်း ၃၀၀ ထူထောင်ပြီး အလုပ်သမား ၈,၀၀၀ ကျော်ခန့် ထားခဲ့၏။
(ဆ) တရုတ်ညီနောင်သုံးဦးသည် ၁၉၂၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အထိ ၇၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးလှသည့် ပြည်မကြီးမှ ပြောင်းရွှေ့ခိုလှုံလာသူများဘဝမှ အာရှ၏ အကြီးဆုံးကော်ပိုရိတ်ပိုင်ရှင်ကြီးများဘဝသို့ ရောက်ရှိခဲ့လေ၏။
အမှန်အားဖြင့် ပြည်ပမှ ဝင်ရောက်လာကုန်သော တရုတ်လူမျိုးများသည် အရှေ့တောင်အာရှဒေသမှ အဓိကမြို့ကြီးအားလုံးနီးပါးတွင် စီးပွားရေးလုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ကြ၏။ အများစုသည် လုပ်ငန်းမော်ဒယ်နှစ်မျိုးအနက် တစ်မျိုးမျိုးကို ကျွမ်းကျင်ကြ၏။ ပထမအမျိုးအစားမှာ ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေတည်ဆောက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၏။ စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တွင် ဤမော်ဒယ်အမျိုးအစားကို တွေ့နိုင်၏။ ဒုတိယမော်ဒယ်မှာ အာဏာရနိုင်ငံရေးသမားများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညာလက်ရုံးများအဖြစ် လှုပ်ရှားခြင်းဖြစ်၏။ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် တွေ့မြင်နိုင်၏။ မြန်မာနိုင်ငံတွင် အဆိုပါပုံစံနှစ်မျိုးစလုံးကို တွေ့မြင်နိုင်ပြီး ဒုတိယအမျိုးအစားသည် မျက်မှောက်ကာလအထိ ခေါင်းဆောင်နေဆဲဖြစ်၏။
၁၉ ရာစုအစပိုင်းမှ ၁၉၅၀ ပြည့်နှစ်အချိန်ကာလအတွင်း ထိုင်းနိုင်ငံသို့ တရုတ်လူမျိုးတစ်သန်းကျော် ရေလမ်းခရီးမှ ဝင်ရောက်လာခဲ့ကြ၏။ ထိုင်းဘုရင်က သူ၏နိုင်ငံအတွက် အလုပ်သမားများ လိုအပ်သည့်အလျောက် တရုတ်တို့ကို လက်ခံပြီး နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်၏။ ဝင်ရောက်လာသူတို့မှာ ‘‘ခေါင်းအုံးနှင့် ဖျာတစ်ချပ်သာ’’ပါလာသော လူဆင်းရဲများ ဖြစ်ကြ၏။ သူတို့သည် ကူလီအဖြစ် စတင်အသက်မွေးခဲ့ကြ၏။ ပင်ပန်းကြီးစွာ ရှာဖွေရရှိသော ဝင်ငွေကို တတ်နိုင်သမျှ စုဆောင်းကြ၏။ မကြာမီ ဈေးဆိုင်ငယ်များ (သို့မဟုတ်) အရောင်းအဝယ်လုပ်ငန်းများကို စတင်လုပ်ကိုင်လာကြ၏။ ၁၉ ရာစုအလယ်ပိုင်းတွင် တရုတ်ကုန်သည်ပေါက်စများက ထိုင်းနိုင်ငံ ချောင်းရိုးအနှံ့ ထိုးဖောက်ကုန်သွယ်နေကြသည်ကို တွေ့မြင်နိုင်၏။ နောက်ထပ် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာသော တရုတ်လူမျိုးများသည် ထိုင်းနိုင်ငံကို ခြေချမိသည်နှင့် ကိုက်တစ်ရာခန့်အတွင်း၌ပင် သူတို့၏ မျိုးနွယ်များကို တွေ့မြင်နိုင်ကြ၏။
ထိုင်းလူမျိုးများက လယ်ယာစိုက်ပျိုးရေးကိုသာ စိတ်ဝင်စားပြီး မြို့ပြဒေသများသို့ မပြောင်းရွှေ့လိုကြပေ။ ဘန်ကောက်မြို့သည် ထိုင်းမှူးမတ်မျိုးနွယ်များ၊ တရုတ်ကုန်သည်များနှင့် ကူလီများကြီးစိုးရာနေရာ ဖြစ်ခဲ့၏။ ထိုင်းတို့က ကျေးရွာမှာနေ၏။ တရုတ်များက မြို့ပြကိုလွှမ်းမိုးထား၏။ ၁၉ ရာစုနှောင်းပိုင်းကာလတွင် ထိုင်းနိုင်ငံအာဏာပိုင်များသည် အရေအတွက် တိုးပွားများပြားလာရုံမျှမက ကြွယ်ဝချမ်းသာလာကုန်ကြသည့် မြို့ပြတရုတ်လူမျိုးများနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်လာပြီး တရုတ်တို့အပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများပြုလုပ်လာ၏။
ထိုအခါ ၁၉၁၁ ခုနှစ်တွင် တရုတ်ခေါင်းဆောင်များက အထွေထွေသပိတ်ကို လှုံ့ဆော်ဆင်နွှဲခဲ့ရာ ဘန်ကောက်မြို့ကြီး၏ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ ငါးရက်ကြာ ရပ်ဆိုင်းသွား၏။ ထိုင်းအစိုးရက သပိတ်ခေါင်းဆောင်များကို မောင်းထုတ်ခဲ့၏။ ထိုစဉ်က ထိုင်းဘုရင်ရာမ(၆)က တရုတ်လူမျိုးများကို ‘‘အရှေ့တိုင်းမှဂျူးများ’’ (Jews of the orient)ဟု မှတ်တမ်းတစ်စောင်တွင် ရေးသားခဲ့၏။ ‘‘ငွေကြေးလုယက်ယူငင်သူများ၊ သစ္စာတရားခေါင်းပါးသူများ၊ ကုသိုလ်ကံအကြောင်းမလှသော သားကောင်များ၏သွေးကို ခြောက်သွေ့ကုန်ခန်းသည်အထိ တဖြည်းဖြည်းစုပ်ယူသူများ’’ဟူ၍လည်း ရေးသားဖော်ပြခဲ့၏။ ၁၉၃၀ ပြည့်နှစ်များတွင် နိုင်ငံရေးသမားများက ဂျူးလူမျိုးနှင့် တရုတ်လူမျိုးအား ဖက်ဆစ်များနှင့် တစ်တန်းတည်းထား၍ ထိုးနှက်မှုများရှိခဲ့၏။ ဒုတိယကမ္ဘာစစ်အပြီးတွင် အစိုးရက မော်စီတုံး၏ တရုတ်ပြည်သို့ ခရီးသွားခွင့်ပိတ်ပင်ခဲ့၏။ ကွန်မြူနစ်ဝါဒလိုလားသူများကို ထောင်သွင်းအကျဉ်းချခဲ့၏။ တရုတ်များစိမ့်ဝင်လာမှုကို တားဆီးပိတ်ပင်ခဲ့၏။ ဘန်ကောက်မြို့မှ တရုတ်ခေါင်းဆောင်များကို အနှောင့်အယှက်ပေးခဲ့၏။ သို့သော် အရေးယူမှုများက အကန့်အသတ်ဖြင့်သာ တည်ရှိခဲ့၏။ ဟိုနေရာ၊ ဒီနေရာတွင် ခေတ္တတောက်လောင်သည့် ကောက်ရိုးမီးပမာဖြစ်ခဲ့၏။ အချိန်ကြာမြင့်လာသော် သုံးပွင့်ဆိုင်လူနေမှုပုံစံက ပိုမိုပီပြင်စွာဖြစ်ထွန်းလာ၏။ ထိုင်းလယ်သမားများက မြေကိုထွန်ယက်၏။ ထိုင်းဗျူရိုကရက်အုပ်စုက အစိုးရအဖွဲ့ကို ကြိုးကိုင်၏။ တရုတ်ကုန်သည်နှင့် အလုပ်သမားများက မြို့ပြစီးပွားရေးကို လည်ပတ်၏။ ဤကဲ့သို့ သုံးပင်လိမ်ဘဝက ပို၍ခိုင်မြဲလာ၏။
ထိုင်းအာဏာပိုင်များသည် တရုတ်လူမျိုးများအား ‘‘စီးပွားရေးအရ တရုတ်ဖြစ်ပြီး နိုင်ငံရေးအရ ထိုင်းလူမျိုးဖြစ်ရန်’’အားပေးအားမြှောက်ပြုလာကြ၏။ ၁၉၁၁ ခုနှစ်၌ နိုင်ငံသားအက်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ရာတွင် နိုင်ငံအတွင်း နေထိုင်သော မည်သည့်မိဘနှစ်ပါးက မွေးဖွားသည်ဖြစ်စေ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေး၏။ ပြည်ပမှ ဝင်ရောက်လာသူတစ်ဦးသည် ထိုင်းဘာသာစကားကို သင်ယူတတ်မြောက်ရမည်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။ ထိုင်းဘုရင်ကို လေးစားရမည်။ ထို့အပြင် ထိုင်းလူမျိုးကဲ့သို့ နေထိုင်ကျင့်ကြံရမည်။ အဆိုပါအချက်လေးချက် ညီညွတ်ပြည့်စုံလျှင် ထိုင်းလူမျိုးဖြစ်ပြီဟု သတ်မှတ်လာကြ၏။
၁၉၄၀ ပြည့်နှစ်များတွင် တရုတ်စီးပွားလုပ်ငန်းရှင်များသည် ထိုင်းမျိုးချစ်နိုင်ငံရေးသမားများ၏ ရန်သူများမဟုတ်ကြတော့ဘဲ အလွန်ဆွဲဆောင်မှုရှိသည့် မိတ်ဖက်များ ဖြစ်လာကြလေ၏။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ချမ်းသာကြွယ်ဝမှုရေစီးကြောင်းကို နိုင်ငံရေးသမားများက သွယ်ယူပြီး မိမိတို့အာဏာတည်မြဲရေးအတွက် အသုံးချလာကြ၏။ နိုင်ငံရေးသမားများက စီးပွားရေးလုပ်ငန်းများထူထောင်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား ဥယျာဉ်မှူးကြီးများသဖွယ် အမြတ်အစွန်းပန်းများ ပွင့်လန်းစေရေးအတွက် ပူးပေါင်းပါဝင်ရန်နှင့် ဦးစီးဦးရွက်ပြုရန် ချဉ်းကပ်ကြ၏။
တရုတ်တို့ကလည်း သူတို့၏လုပ်ငန်းအဖွဲ့အစည်းများတွင် နိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်များကို ဘုတ်အဖွဲ့ဝင်လူကြီးများအဖြစ် နေရာပေးကြ၏။ ၎င်းတို့က တရုတ်တို့ကို အစိုးရစီမံကိန်းလုပ်ငန်းများအား ကန်ထရိုက်ပေး၏။ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့်နှင့် အခြားအထူးအခွင့်အရေးများပေး၏။ တစ်ဖက်တွင် တရုတ်တို့နှင့် ပူးပေါင်းတည်ဆောက်ရာမှရရှိသော လုပ်ငန်းများမှ အမြတ်အစွန်းများဖြင့် ချမ်းသာကြွယ်ဝမှုကို အတုံ့အလှည့် ရယူခဲ့ကြပေသည်။
မည်သို့ဆိုစေ ထိုင်းနိုင်ငံတွင် တရုတ်တို့သည် ခေါင်းအုံးတစ်လုံး၊ ဖျာတစ်ချပ် အရင်းအနှီး (Pillow and Mat Capitalism)ဖြင့် စတင်အခြေချခဲ့ရာမှ လူနေဆိုင်ခန်း စီးပွားရေးစွမ်းအားရှင်များ (Shophouse Tycoon)အဖြစ် အသွင်ကူးပြောင်းလာ၏။ ဒုတိယကမ္ဘာစစ်အပြီး ဘဏ်လုပ်ငန်းကို ကြီးစိုးလာကြ၏။ ထို့နောက် စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ကြ၏။ မျိုးဆက်နှစ်ဆက်အတွင်း ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစ၍ တရုတ်နွယ်ဖွားမိသားစုများ၏ စီးပွားရေးအုပ်စုကြီး ၃၀ သည် ဘန်ကောက်၏ စီးပွားရေးအရှင်သခင်ကြီးများ (Commercial Dynast)ဖြစ်လာ၏။ ‘‘ကျုပ်တို့မှာ လူမှုဖူလုံရေးဆိုတာမရှိဘူး။ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားတွေရဲ့ အဓိက စွမ်းအားက စုဆောင်းခြင်းနဲ့ စုပေါင်းခြင်းပါပဲ’’ဟု အောင်မြင်သော တရုတ်လုပ်ငန်းရှင်ကြီးတစ်ဦးကဆို၏။ စုပေါင်းသည်ဟုဆိုရာ၌ သူတို့သည် သူတို့လူမျိုးအချင်းချင်း စုပေါင်းလုပ်ဆောင်လေ့ရှိသည်သာမက စစ်ဗိုလ်ချုပ်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့်ပါ စုပေါင်းဆောင်ရွက်လေ့ရှိကြ၏။
အထက်ပါအုပ်စုကြီး ၃၀ အနက် ခြောက်ခုသည် ဘဏ်များကိုကြီးစိုးပြီး အခြားဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကို ပိုင်ဆိုင်၏။ ကိုးခုက စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းကြီးများကို ပိုင်ဆိုင်၏။ ခြောက်ခုက လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးဝါးနှင့် လူသုံးပစ္စည်းထုတ်လုပ်မှု လုပ်ငန်းရှင်များ ဖြစ်ကြ၏။ နှစ်ခုက အထည်ချုပ်လုပ်ငန်းများကို နိုင်နင်းစွာထိန်းချုပ်ထား၏။ ကျန်ခုနစ်ခုကမူ ဆောက်လုပ်ရေးပစ္စည်း၊ သံမဏိ၊ ဓာတုဗေဒပစ္စည်းနှင့် အခြားစက်မှုလုပ်ငန်းများကို ပိုင်ဆိုင်ကြ၏။
ဤသို့ဖြင့် ခေါင်းအုံးနှင့် ဖျာကိုအရင်းပြု၍ ဘန်ကောက်၏ စီးပွားရေးကို အောင်နိုင်သူ အရှင်သခင်ကြီးများကား ပေါက်ဖော်ကြီးများသာတည်း။ စာရေးသူတို့နိုင်ငံတွင် လူသိအလွန်များသော အိမ်ဝါး၊ မြေဝါး၊ လူဝါး၊ ရှောက်ရမ်း၊ ရှောက်ဝယ်၊ ရှောက်စွပ်၊ အရှုပ် စသော ဆွေမျိုးပေါက်ဖော်များကား ခေါင်းအုံးနှင့် ဖျာကိုမျှရင်း၍ လာသူများ မဟုတ်ပေ။ ယခင်တပ်မတော်အစိုးရလက်ထက် ‘‘တရားအားထုတ်မှု’’ပေါ်လစီအရ စက်မှုနည်းပညာနှင့် ငွေထုပ်ပိုက်ပြီးလာသူများဖြစ်၏။ ငွေမည်းများလည်းပါဝင်၏။ ခေါင်းအုံးနှင့် ဖျာကိုမျှရင်း၍ ဘန်ကောက်ကို လွှမ်းမိုးနိုင်လျှင် အထက်ပါ ပေါက်ဖော်များသည် စာရေးသူတို့နိုင်ငံအား အမြန်ဆုံးအလွယ်ဆုံး မျိုနိုင်စွမ်းရှိသည်မှာ အလွန်သေချာ၏။
အို.. အာဏာပိုင်အပေါင်းတို့ သူတို့၏ ညှို့ဓာတ်ကြီးမားစုပေါင်းအားဆိုသည်ကို မမေ့မလျော့သော သတိဝီရိယဖြင့် စောင့်ကြည့်ကြပါကုန်တော့။ သူတို့အပေါ် ပြည့်လျှံစွာ သဒ္ဓါထားပြီး ပြည့်ဘဏ္ဍာမညှာမတာဝါးခြင်းအမှုကိုလည်းကောင်း၊ တွယ်တာခြင်းဖြင့် ရှယ်ယာရင်းခြင်းအမှုကိုလည်းကောင်း၊ အခင်မင်မပျက်စေရန်အတွက် ‘‘အင်ပက်’’ (Impact)တွေ ခံကြရမည့်အဖြစ်ကိုလည်းကောင်း    အထူးရှောင်ရှားကြပါကုန်လော့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပါသတည်း။