Saturday, September 27, 2014

ကနောင်မင်းအား သဂြိုလ်ပုံ ...

မြင်ကွန်းမြင်းခုံတိုင်အရေးတွင် ကနောင်မင်း လုပ်ကြံခံရပြီး မင်းတုန်းမင်းမှာ လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ အသက်ဆုံးပါးခဲ့ရသည်။
အိမ်ရှေ့ဘုရားနှင့် မင်းသားများ လုပ်ကြံခံရသည့်ရက်မှာ
မြန်မာသက္ကရာဇ် ၁၂၂၈ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၇)ရက်နေ့
ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင်ဖြစ်သည်။ သဂြိုလ်သည်မှာ မြန်မာသက္ကရာဇ် ၁၂၂၉ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင်ဖြစ်ရာ (၁၁)လကြာမှ သဂြိုလ်ခြင်းဖြစ်သည်။

ကြားတွင် မြင်ကွန်းမြင်းခုံတိုင်မင်းသားအရေးအခင်းဖြစ်နေသဖြင့် တစ်ကြောင်း ပန်းထိမ်းမင်းသားအရေးအခင်းဖြစ်နေသဖြင့် အလောင်းတော်များကို ခေါင်းသွင်းပြီး နန်းမြေဘုံသာစံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။
ြ မြန်မာသက္ကရာဇ် ၁၂၂၉ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင်
နန်းမြေဘုံသာစံနန်းတော် ဆောင်မတော်ကို ဖျက်သိမ်းပြီး အိမ်ရှေ့ဘုရား
သဂြိုလ်ရန်အုတ်နန်းပြသာဒ်၊ အနီးတွင်မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ အလောင်းတော်များကို အုတ်နန်းပြသာဒ်တော်တည်ပြီးလျှင်
၎င်းအုတ်နန်းပြသာဒ် အရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိရုပ်ပွားတော်မြတ်
ကိန်းဝပ်ပူဇော်ရန် အုတ်ပြသာဒ်ပြုလုပ်ထားသည်။
အနောက်ဘက်တွင် စေတီကြီး စန္ဒာမုနိဘုရားဟုခေါ်ဆိုကြသည်။
စေတီနှင့် ရုပ်ပွားတော်မြတ်ထားရာကြားမှာ အိမ်ရှေ့ဘုရားနှင့်မင်းသားများ
အလောင်းတော်တို့ကို အုတ်ခုံပေါ်တွင် မြှပ်နှံထားသည်။
အိမ်ရှေ့ဘုရားဂူကို အုတ်ပြသာဒ်လုပ်ထားသည်။
၁၉၈၈ခုနှစ် စစ်အစိုးရလက်ထက်တွင် ကနောင်မင်း၏ အုတ်ဂူကို စန္ဒာမုနိဘုရားဝင်းအတွင်းရွေ့ပြီး ယခုမန္တလေးတောင်အသွားလမ်းဆုံမှာ အုတ်ပြသာဒ်တည်ထားသည်။