မူရင်း - Tomorrow ဂျာနယ်
၁၉၆၉ ခုနှစ်တွင် ကျွန်တော်တို့ မှော်ဘီဗိုလ်သင်တန်းကျောင်း စဖွင့်တဲ့ရက်မှာ
ဘယ်ညာ မညီမညာနဲ့ စစ်ရေးပြကွင်းကို ချီတက်ရတယ်။ ရောက်တာနဲ့ စစ်ရေးပြ
သင်ကြားမယ့် နည်းပြတပ်ကြပ် အောင်ကြင်ကို ကျောင်းသား တပ်စုမှူးက တပ်စုကို အပ်လိုက်ပါတယ်။ စစ်ရေးပြမသင်မီ တပ်ကြပ် အောင်ကြင် ပထမဆုံး သြ၀ါဒစကား ပြောပါတယ်။
“ဗိုလ်လောင်းတို့ ဗိုလ်လောင်းတို့ဟာ တပ်မတော်ထဲ မရောက်ခင် သူဌေးသားဖြစ်ရင်
ဖြစ်မယ်။ အရာရှိကြီးတွေရဲ့ သားသမီးတွေ ဖြစ်ရင် ဖြစ်မယ်။ ဘီအေ၊
အိုင်အေဘွဲ့တွေ ရလာတဲ့သူတွေ ဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သင်တန်းက
အောင်မြင်စွာ မဆင်းမီတော့ ရဲဘော်တွေပဲ ဖြစ်တယ်။ ဆရာ့အမိန့်ကို နာခံပါ။
ဆရာခိုင်းတာကို လုပ်ပါ။ ရဲဘော်တို့ကို ဒီကျောင်းက အမိန့်နာခံတတ်မှု၊ စစ်ရေး၊
စည်းရုံးရေး၊ အုပ်ချုပ်ရေးဆိုတဲ့ စွမ်းရည်သုံးရပ် ထက်မြက်အောင်
လေ့ကျင့်မှာ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့မှာ ပါလာတဲ့ ဂုဏ်တွေ ဒြပ်တွေ
ဘီအေဘွဲ့တွေကို သင်တန်းမှာ အသုံးချဖို့ မစဉ်းစားပါနဲ့။ အခုပဲ ပြေးပြီးတော့
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဆိုတဲ့ ဆိုင်းဘုတ်မှာ သွားချိတ်ပြီး
ပြန်လာခဲ့ပါ။
ကျွန်တော်တို့တပ်စု ဆရာ ခိုင်းတဲ့အတိုင်း
မိုင်ဝက်လောက်ရှိတဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ မှော်ဘီဆိုတဲ့
ဆိုင်းဘုတ်ကို အရောက်ပြေးခဲ့ပါတယ်။ အမိန့်အမျိုးမျိုး နာခံပြီး စစ်ပညာ
သင်ခဲ့ရပါတယ်။ ဗိုလ်သင်တန်း ဆင်းတဲ့အချိန်မှာ တပ်မ(၇၇) လက်အောက်ခံ
တပ်ရင်းကို ၁၁ ယောက် ရောက်တယ်။ ကျောင်းဆင်းအရာရှိ အချင်းချင်း မင်းတို့
၁၁ယောက်ကတော့ ကျောင်း ဆင်းတာနဲ့ “သေမိန့်” ချခံရတဲ့ ကောင်တွေပဲလို့
ပြောကြတယ်။ ကျွန်တော်တို့က ဗိုလ်သင်တန်း ရှေ့မှာရှိတဲ့ (၇၇)ကို အပြေးအလွှား
သွားပြီး ဂုဏ်ယူစွာဖြင့်နဲ့ လက်မောင်းမှာ (၇၇)ကိုဆိုတဲ့ တံဆိပ်ကို
အရင်ဆုံး တပ်လိုက်ပါတယ်။ သေမယ့်နှစ်မှာ စစ်ထဲလိုက်မိတယ် ဆိုရလောက်အောင်
အဲဒီအချိန်က တပ်မ(၇၇)တပ်တွေဟာ ဗကပ အမည်ခံ ကျူးကျော်လာတဲ့သူတွေကို
ရှမ်းမြောက်နယ်စပ်မှာ တိုက်ခိုက်နေရချိန် ဖြစ်တယ်။
ကျွန်တော်တို့
ဗိုလ်သင်တန်း တက်ချိန်မှာ ပင်ပန်းဆင်းရဲစွာ အမိန့်နာခံပြီး
လေ့ကျင့်ခဲ့ရတယ်။ ကျောင်းဆင်းချိန်မှာလည်း တိုက်ပွဲတွေ ပြင်းထန်တဲ့
စစ်မြေပြင်ကို ရောက်တာ ဂုဏ်ယူခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ
စစ်တက္ကသိုလ်ကိုတောင် အပြင်မှာ နေထိုင်ပြီး တက်ခဲ့တဲ့ အကြီးအကဲ သားတွေ
ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ကျောင်းဆင်းခါနီးမှာ
ဂိတ်ကြေးများများရတဲ့ နယ်စပ်တပ်တွေ၊ နိုင်ငံခြားပညာ သင်သွားဖို့နဲ့
သက်သက်သာသာ နေရတဲ့ တပ်တွေကိုရောက်အောင် နည်းမျိုးစုံသုံးပြီး ကြိုးစားသူတွေ
များတယ်။ တပ်မတော် အကြီးအကဲတွေရဲ့ သားတွေကတော့ နောင်တစ်ချိန်မှာ
နိုင်ငံအကြီးအကဲနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်အောင်
နိုင်ငံခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအရာရှိ (သို့) အနီးအနားမှာ ထားကြတယ်။
လူငယ်တွေ အတွေးအခေါ် ကောင်းလာကြတယ်။ စစ်မြေပြင်မှာ တိုင်းပြည်အတွက်
တိုက်ပွဲဝင်နေသူတွေထက် အကြီးအကဲနားမှာ နေတဲ့ တပည့်၊ သား မြေးတွေ
ကောင်းစားနေတာ သူတို့ မြင်နေရလို့ ဖြစ်ပါတယ်။
ခြေလျင်တပ်မှာ
ခြောက်နှစ်လောက် တာဝန်ထမ်းဆောင်ပြီး အမြောက်တပ်ကို ပြောင်းရတယ်။
အမြောက်တပ်ဟာ တပ်မတော် တစ်ရပ်လုံးမှာ စည်းကမ်းအရှိဆုံး တပ်ဖြစ်တယ်။
ခြေလျင်တပ်ရင်း ပေါင်းတစ်ရာကျော်ရှိချိန်မှာ အမြောက်တပ်ရင်း
လေးရင်းပဲရှိတယ်။ ရာထူးကလည်း နေရာလစ်လပ်မှ ရာထူးတိုးမြှင့်တဲ့ ခေတ်ဆိုတော့
ခြေလျင်တပ်မှာ တပ်မမှူးဖြစ်နေ သူတွေနဲ့အတူ သင်တန်းဆင်းတဲ့ အရာရှိတွေဟာ
အမြောက်တပ်မှာ ဗိုလ်မှူးအဆင့်နဲ့ နေရတယ်။ အမြောက်တပ် ရောက်တဲ့လူတွေဟာ
အမြောက်ပညာ သင်ထားတဲ့ ပညာရှင်တွေဖြစ်လို့ ခြေလျင်တပ်ကို ပြန်သွားဖို့
ခက်ပါတယ်။ အမြောက် တပ်စုမှူး သင်တန်းတက်နေတဲ့ အချိန်မှာ အမြောက်တပ်
ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိန်ထွန်း ဗထူးကို ရောက်လာပြီး
သင်တန်းသားတွေကို တွေ့ဆုံတယ်။ သူဟာ အမြောက်ညွှန်ကြားရေးမှူး ဖြစ်သလို
လမ်းစဉ်ပါတီရဲ့ ဗဟို ကော်မတီဝင်ဖြစ်လို့ စစ်ရေး၊ နိုင်ငံရေး မေးချင်တာ
မေးဆိုပြီး ပြောတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့နဲ့အတူ ခြေလျင်တပ်ရင်းက
ပြောင်းလာတဲ့ ဗိုလ်ကြီး အောင်ညွှန့်က “ကျွန်တော်တို့ကို ဘာမူနဲ့
အမြောက်တပ်ကို ခေါ်တာလဲ၊ ဘယ်တော့ ခြေလျင်တပ်ရင်း ပြန်ပို့မှာ”ဆိုတဲ့
မေးခွန်းကို မေးလိုက်တယ်။
“ငါငယ်ငယ်တုန်းက ခြေလျင် တပ်ကနေ
အမြောက်တပ်ကို ပြောင်းရတယ်။ ငါလည်း မင်းလိုပဲ ဗိုလ်ချုပ်နေ၀င်းကို မေးတယ်။
ဗိုလ်ချုပ်က မအေ ---လေး ဒါစစ်တပ်၊ လူကြီးထားတဲ့ နေရာမှာ နေလို့ပြောတယ်။
ငါလည်းသူပြောတဲ့အတိုင်း ပြောရမှာပဲ”လို့ ပြောပါတယ်။ တပ်မတော်ဆိုတာ
ငယ်သားတွေ ထားရာနေ၊ ခိုင်းတာလုပ်၊ စေရာသွားရတဲ့ ဘ၀ဖြစ်ပါတယ်။ တပ်မတော်ထဲက
အရာရှိကြီးများလည်း ရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့ ငယ်သားများကို
ရွေးချယ်ဖို့ လိုအပ်ပါတယ်။
၁၉၉၅ ခုနှစ် ကျွန်တော်
မော်လမြိုင်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ပါတယ်။ အဲဒီအချိန်မှာ
လုပ်ဖော်ကိုင်ဘက် ဗိုလ်မှူးကြီးတစ်ယောက် ကျွန်တော့်ရုံးခန်းထဲ ၀င်လာပြီး၊
သူကြားလာတဲ့ သတင်းတစ်ခု ပြောပါတယ်။ တောင်ကြီးမှာ “ဗိုလ်ချုပ်မှူးလေး”
တိုင်းမှူးဖြစ်စဉ်က ဂျီဝမ်းတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးတစ်ယောက်
တပ်မမှူးဖြစ်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ သေချာရဲ့လားလို့ မေးတော့
သေချာတာ မသေချာတာတော့ မသိဘူး။ သူ့နောက် ဗိုလ်သင်တန်းဆင်းတဲ့ လူတွေ
တပ်မမှူးဖြစ်ကုန်ပြီ၊ သူ့ကိုတော့ ပြန်မကြည့်ဘူးဆိုပြီး “ဗိုလ်ချုပ်မှူးလေး”
အိမ်မှာ ငိုပြတယ်တဲ့၊ အဲဒါနဲ့ “ဗိုလ်ချုပ်မှူးလေး”က သနားပြီး
နှစ်သိမ့်လိုက်တယ်လို့ ကြားတယ်ဟု ပြောပါတယ်။ အဆိုပါ ဗိုလ်မှူးကြီးထံမှ
သတင်းကြားပြီး တစ်ပတ်အကြာမှာ သူ့သတင်းမှန်သွားပါတယ်။ ကျွန်တော်ဘယ်ကရတဲ့
သတင်းလဲလို့ သွားမေးပါတယ်။ ရန်ကုန် ရောက်တုန်းက “ဗိုလ်ချုပ်မှူးလေး”
အိမ်သွား “ကန်တော့”ရင်း ကြားခဲ့တဲ့ သတင်းလို့ သိရပါတယ်။ ရန်ကုန်
မင်းသမီးတွေသာ အငိုကောင်းရင် အကယ်ဒမီရတာ မဟုတ်ဘူး၊ စစ်ဗိုလ်ကြီးတွေလည်း
အငိုကောင်းရင် တပ်မမှူးဖြစ်နိုင်ပါတယ်။
ရွေးတဲ့လူကပဲ
မမှန်လို့လား။ အရွေးခံရတဲ့ လူကပဲ မတန်လို့လား မသိဘူး။ လေးနှစ်အတူနေပြီး
အပတ်စဉ် ၉က ဆင်းလာတဲ့ အရာရှိတွေတော့ စုတ်တသပ်သပ်နဲ့ လက်ဖျားခါကြပါတယ်။
တပ်မတော်ကြီးတော့ သွားပါပြီပေါ့။ တပ်မတော်ကြီး ကံကောင်းပါတယ်။ အဲဒီ
စစ်ဗိုလ်ကြီး တပ်မမှူး ကနေ ဒုတိယ၀န်ကြီး ဖြစ်သွားပါတယ်။ တိုင်းပြည်လည်း
ကံကောင်းဖို့ ဖြစ်လာပါတယ်။ အဲဒီ စစ်ဗိုလ်ကြီးရဲ့ ၁၀၁ယောက်မြောက်
အနိုင်ကျင့်ခံရတဲ့ မိန်းကလေးက သူ့အရှက်ကို မငဲ့ကွက်ပဲ တိုင်းပြည်ရဲ့
ဆူးညှောင့်ကို တိုင်ကြားဖယ်ရှားခဲ့ပါတယ်။
ပြီးခဲ့ပါပြီ။ ဒီနေ့
နိုင်ငံခေါင်းဆောင်များကို ရွေးချယ်တဲ့သူ၊ လူတော်လူကောင်း မဟုတ်ရင်၊
ရွေးချယ်သူ အရည်အချင်း ညံ့လို့ဖြစ်ပါတယ်။ ခေါင်းဆောင်အပေါ်မှာ သာကောင်းတဲ့
အနီးကပ် တပည့်ဆိုးများ အပေါ် ယုံကြည်မှု မလွန်ကဲဖို့ လိုပါတယ်။ တိုင်းပြည်နဲ့
ပြည်သူတစ်ရပ်လုံး အတွက် လူတော် လူကောင်းများများ ရွေးချယ်မှု မှန်ကန်ဖို့
လိုအပ်ပါတယ်။ တပည့်များသာမဟုတ် အာဏာရှင်လေးရဲ့ ခမည်းခမက်၊ အာဏာရပါတီ
ဗဟိုကော်မတီဝင်ရဲ့သား လုပ်ဆောင်နေသည့် သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ်
စီမံကိန်းမှာ ပညာရှင်များ၊ ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ လွှတ်တော်သို့
အသိမပေးပဲ လုပ်ဆောင်နေမှုများ ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း အာဏာရှင်
စစ်ဗိုလ်ကြီးများသို့ မေတ္တာရပ်ခံ ရေးသား လိုက်ရပါတယ်။
အောင်မြင်သူ