ဓာတ်ပုံ စိုးဇေယျာထွန်း/ရိုက်တာ |
““ကျွန်ပညာရေး အလိုမရှိ””ဟုဆိုကာ စနစ်တကျယိုယွင်းပျက်စီးနေသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးရန်ကျောင်းသားများက သပိတ်စစ်ကြောင်း တစ်ရပ်ဆင်နွှဲကြသည်။ ကျောင်းသားများ၏တောင်းဆိုမှုကို အစိုးရဘက်မှ ပထမလိုက်လျောပေးရန် အရိပ်အယောင်ပြခဲ့ပြီး တွေ့ဆုံနွေးနွေးမှုများနှင့်ကြားဝင်ညှိနှိုင်းမှုများနှင့် အချိန်ကုန်စေခဲ့သည်။
နောက်ဆုံးပညာရေးကို ပြုပြင်ပြောင်းလဲလိုသောပင်မသပိတ်စစ်ကြောင်းကို ရန်ကုန်မြို့သို့ အ၀င်မခံဘဲလက်ပံတန်းမြို့တွင် အစိုးရမှဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။
သပိတ်စစ်ကြောင်း ထွက်ပေါက်မရ။ ချီတက်မည့် လမ်းကြောင်း ပတ်ဆို့ခံထားရသည့်နောက်ပိုင်းမတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီကျော်တွင် အဆိုပါကျောင်းသားစစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အခြေအနေတင်းမာလျက် အကြမ်းဖက်ဖြိုခွဲမှုကို ခံရသည့် အဆင့်တစ်ခုသို့ပင် ရောက်ရှိခဲ့ကြသည်။
ကျောင်းသားထုကို ၎င်းကဲ့သို့ အင်အားသုံးဖြိုခွင်းခဲ့သည့်အပေါ် မြန်မာပြည်သူ တစ်ရပ်လုံးသည်ရင်ထုမနာဖြစ်လျှက် အကြမ်းဖက်မှုကို ကဲ့ရဲ့ရှုတ်ချအပြစ်တင်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ပြည်သူလူထုအချို့နှင့်မျိုးဆက်သစ်ကျောင်းသားများက
ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
ကျောင်းသားအရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားအရေးကို ယင်းကဲ့သို့ ရက်ရက်စက်ကိုင်တွယ်ဖြေရှင်းခဲ့သည့်အပေါ် ““ကူညီပါရစေ””ဆိုသည့် ရဲတပ်ဖွဲ့ဝင်တို့ ၏ ဆောင်ပုဒ်ကို ပြည်သူများက လက်ညိုးထိုးပြစ်တင်ဝေဖန်လာကြပြီ ဖြစ်သည်။
လက်ပံတန်းကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲရာတွင် ကျောင်းသားများအပါအ၀င်၊ ပြည်သူတချို့နှင့် လာရောက်သတင်းယူသော မီဒီယာသမားများပါ ဖမ်းဆီးရိုက်နှက်မှုကို ခံခဲ့ရသည်။
ကျောင်းသားများက စတင်အကြမ်းဖက် ကျူးကျော်လာခြင်းကြောင့် ဥပဒေနှင့်အညီ ဖြိုခွဲခဲ့ခြင်း ဖြစ်ကြောင်းကို နိုင်ငံပိုင်ရုပ်သံနှင့်သတင်းမီဒီယာများမှတစ်ဆင့် အစိုးရက သတင်းထုတ်ပြန်ပြသခဲ့သော်လည်း ကျောင်းသားများအပေါ် ရဲတပ်ဖွဲ့ဝင်များကအငြိုးကြီးစွာလိုအပ်သည်ထက် ပိုမိုအင်အားသုံးကာရိုက်နှက်ဖမ်းဆီးခဲ့ကြသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းများက ကြေညာချက်ထုတ်လျက် ၀ိုင်းဝန်းပြစ်တင်ခဲ့ကြသည်။ လူမှုကွန်ရက်ပေါ်တွင်ရောက်ရှိလာသည့် ပုံများကလည်း အကြမ်းဖက်မှုကို သက်သေခံနေသည့်အတွက် ငြင်းဆန်မရနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်နေသည်။
လက်ပံတောင်းတောင်း တစ်ကျော့ပြန် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့မှပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူတောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ခုနှစ် နှစ်စပိုင်းက NGOများကို မြို့နေလူထုမှ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကိုသေနတ်ဖြင့် ပစ်ဖောက်လူစုခွဲရာမှ ဆယ်နှစ်အရွယ်ခန့်ရှိအမျိုးသမီး ကလေးငယ်အပေါ် ကျည်ဆန်ထိမှန်သဖြင့်သေဆုံးမှု ဖြစ်ပွားခဲ့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုတစ်ကြိမ်အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့အတွက် အမည်းစက်တစ်စက်ထပ်တိုးလာခြင်း ဖြစ်သည်။
စည်းလွတ်ဝါးလွတ် ရဲတပ်ဖွဲ့လား
လက်ပံတန်းမြို့ အကြမ်းဖက်မှုကို ဖြိုခွဲသည့်ရဲတပ်ဖွဲ့၏ လုပ်ရပ်များမှာ စနစ်တကျ ဖြိုခွဲခြင်း မဟုတ်ဘဲ စည်းလွတ်ဝါးလွတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းကို အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည့် ကျောင်းသားများ၊လူနာတင်ရန် အဆင်သင့်လုပ်ထားသည့် မော်တော်ကားကို ထုရိုက်၊ ကန်ကျောက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်ကျောင်းသားသပိတ် သတင်းပြန်ကြားရေး မော်တော်ကားကို ဒေါသတကြီးဖျက်ဆီးခဲ့ခြင်းက သက်သေပြလျှက်ရှိသည်။